၁၂. ၅. ၂၀၂၃
Written by Peya
မန္တလေးမြို့တွင် ဆိုင်ကယ်လုရန် ကြိုးပမ်းသူကို လမ်းတွင် သွားလာနေသူတစ်ဦးက ဆိုက်ကယ်ဖြင့်တိုက်ကာ ဖမ်းဆီးပေးခဲ့ကြောင်း မဏီစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မေလ ၁၁ ရက် ညနေပိုင်း ၅ နာရီ အချိန်ခန့်က ၄၂ လမ်း/ ၈၃-၈၄ လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအသင်းက သိရသည်။
“ဆိုင်ကယ်လုနေတာ။ အများသူငါ သွားလာနေတဲ့ အချိန်မှာ နေခင်းကြောင်တောင် ဆိုင်ကယ်လုတာ။ အဲ့ဒါကို ပြည်သူတွေက ဝိုင်းဖမ်းတာပေါ့။ အဲဒါကို သူက ဆိုင်ကယ်သော့ဖျက်တဲ့ စကေဘာနဲ့ ပြန်ခုခံတယ်။ ဆိုင်ကယ်သမားက ဝင်တိုက်ပြီး ဖမ်းပေးတော့ ပတ်ဝန်းကျင်က ဖမ်းမိသွားတာပါ” ဟု ဖြစ်စဉ်ကို သိရှိသူ အဆိုပါအသင်းမှ အသင်းသားတစ်ဦးက ဆိုသည်။
အဆိုပါ လုယက်မှု ဖြစ်စဉ်တွင် ဆိုင်ကယ်လုသူနှင့်အတူ အခြား အပေါင်းအဖော်များပါသည်ဟု ဆိုသော်လည်း လွတ်သွားသည်ဟု ပတ်ဝန်းကျင်က ပြောကြကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် ဒဏ်ရာရခဲ့သည့် လုယက်သူကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပြီး ဥပဒေကြောင်းအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။