MT News
Written by Ye Kyaw
မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ဥရောပဈေးကွက်ကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ချုပ်လုပ်သည့် “Made in Myanmar” ထုတ်ကုန်အဖြစ်ကို ဦးတည်ချက်ထား၍ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း မေလ ၁၁ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ နှစ် (၂၀) ပြည့် အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် ဥရောပဈေးကွက်ကို နိုင်ငံတကာဝယ်လက်အဖြစ် မြန်မာ့အထည်ချုပ်ကဏ္ဍ Platform တစ်ခုကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ချုပ်လုပ်သည့် “Made in Myanmar” ထုတ်ကုန်အဖြစ်ကို ဦးတည်ချက်ထား၍ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအခမ်းအနားတွင် ကြေညာခဲ့သည်။
“International Brands များ၏ အမှာစာများ ဆက်လက်ချုပ်လုပ်နိုင်ရန် European Union အောက်ရှိ နိုင်ငံတကာ မိတ်ဖက်ပါတနာများနဲ့လည်း အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံမှု တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများဖြစ်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားကြစေလိုပါတယ်” ဟု မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းက အိုင်ယာလန်နိုင်ငံအခြေစိုက် အဝတ်အထည်ဖက်ရှင်ကုမ္ပဏီဖြစ်သော Primark က ကြိုတင်သတိပေးချက်မရှိဘဲ ပိတ်ခဲ့သော ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ ဝန်ထမ်း ၂၂၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ပြင်ပမှ ဝေဖန်နေမှုများကြောင့် တာဝန်ရှိသော ထွက်ခွာမှုဟုဆိုကာ မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှ Brand ကုမ္ပဏီနှစ်ခု ထွက်ခွာရန်ပြင်ဆင်နေမှုအပေါ် အလုပ်ပြုတ်သွားမည့် အလုပ်သမားများအတွက် မည်သို့တာဝန်ယူမည်နည်းဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က မတ်လ ၁၉ ရက်တွင် ပြန်လည်မေးခွန်းထုတ် တုံ့ပြန်ခဲ့သည်။
ပြင်ပမှသဘောထားမကိုက်ညီသူများ၏ တင်ပြပြောဆိုမှုများအရ ပြည်တွင်းအထည်ချုပ်ကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဈေးကွက်ရရှိမှုများအတွက် စိန်ခေါ်မှုများရှိနေသဖြင့် ရှိရင်းစွဲဖြစ်စဥ်များကို Survey များပြုလုပ်ပြီး နိုင်ငံတကာသို့ ချပြနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်အသင်းမှ သိရသည်။
အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ဝင်ငွေရရှိသော အဓိကလုပ်ငန်းများထဲတွင် ပါဝင်နေပြီး တစ်နှစ်လျှင် ဒေါ်လာလေးဘီလျံဝန်းကျင်ရှိကာ တောင်ကိုရီးယားနှင့် တရုတ်တို့က မြန်မာအထည်ချုပ်လုပ်ငန်းတွင် အရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။