၁၂. ၅. ၂၀၂၃
Written by Thettant
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ယမန်နေ့ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုတွင် စကားဝါသမဝါယမတည်းခိုခန်းနှင့် တည်းခိုခန်းအနောက်ဘက်ကပ်လျက်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ မေလ ၁၁ ရက် ညနေ ၄ နာရီ ၁၅ အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ စကားဝါလမ်းနှင့် ပုလဲလမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမီးလောင်မှုတွင် တည်းခိုခန်း၏ ဘေးဝဲယာနေအိမ်များအား မီးလောင်ကျွမ်းခြင်းမရှိသော်လည်း တည်းခိုခန်းနှင့် အောက်ထပ်ရှိ ဆိုင်ခန်းအချို့အပြင် တည်းခိုခန်း၏ အနောက်ဘက်ရှိ နေအိမ်တစ်လုံးမှာလည်း မီးသင့်ခံခဲ့ရသည်ဟု ကူညီပေးခဲ့သည့် ဒေသခံ ပရဟိတအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။
“မီးများပေမဲ့ လမ်းမတန်းဆိုတော့ ဘေးဘီကတော့ မထိသွားဘူး။ အနောက်ဘက်ကအိမ်ကတော့ မီးနည်းနည်းကူးသွားတာပေါ့။ မီးကတော်တော်များတော့ တစ်နာရီကျော်လောက် ငြှိမ်းလိုက်ရတာ” ဟု ကူညီပေးခဲ့သည့်ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်သို့ မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၃)စီး၊ သူနာတင်ယာဉ်( ၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မြိတ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၇)စီး၊ လူမှုရေးအသင်းများမှ သူနာတင်ယာဉ် (၁၂)စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲ အချိန်မှသာ မီးငြိမ်းခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း မီးလောင်မှုအကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို စိစစ်ဆဲသာဖြစ်ကြောင်းလည်း သိရသည်။