၁၂. ၅. ၂၀၂၃
Written by Nay Moe
လက်နက်ကိုင်ဆောင်သူများ လိုက်နာရမည့် ကန့်သတ်ချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းများ ကျုးလွန်ဖောက်ဖျက်ပါက အနည်းဆုံး ထောင်ခြောက်လမှ အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိ ပြစ်ဒဏ်ပေးမည့် လက်နက်ဥပဒေသစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြီး အများပြည်သူ သိရှိလေ့လာရန် ထုတ်ပြန်လိုက်သည်။
ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ပြစ်ဒဏ်ပေးနိုင်မည့် ဖောက်ဖျက်ခြင်းမပြုဘဲ လိုက်နာရမည့်အချက်များအဖြစ် ပုဒ်မ (၁၉) တွင် မည်သူမျှ “(က)နိုင်ငံတော်ပိုင် လက်နက် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကိုဖြစ်စေ၊ ခဲယမ်း ကိုဖြစ်စေ ခိုးယူခြင်း သို့မဟုတ် ခိုးမှုကျူးလွန်ရန် အားထုတ်ခြင်း မပြုရ။ ( ခ )နိုင်ငံတော်ပိုင် လက်နက် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကိုဖြစ်စေ၊ ခဲယမ်းကိုဖြစ်စေ ရောင်းချခြင်း သို့မဟုတ် ရောင်းချရန် အားထုတ်ခြင်း မပြုရ။ ( ဂ ) နိုင်ငံတော်ပိုင် လက်နက် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကိုဖြစ်စေ၊ ခဲယမ်းကိုဖြစ်စေ ဤဥပဒေအရ ကိုင်ဆောင်ခွင့်မရှိသော အခြားသူတစ်ဦးအား တစ်နည်းနည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် ပေးအပ်ရန်အားထုတ်ခြင်း မပြုရ။ (ဃ) နိုင်ငံတော်ပိုင် လက်နက် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကိုဖြစ်စေ၊ ခဲယမ်းကိုဖြစ်စေ လုယူခြင်း သို့မဟုတ် လုယူရန်အားထုတ်ခြင်း မပြုရ။ ( င )နိုင်ငံတော် နစ်နာဆုံးရှုံးစေရန် ကြံရွယ်ချက်ဖြင့် နိုင်ငံတော်ပိုင်လက်နက်ကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုရ။” ဟု တားမြစ်ထားပြီး အဆိုပါ တားမြစ်ချက် ဖောက်ဖျက်ကျုးလွန်သူ မည်သူ့မဆို အနည်းဆုံးထောင်ဆယ်နှစ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် သေဒဏ်ပါ ချမှတ်ရမည်ဟု ပုဒ်မ (၂၇) တွင် အတိအလင်း ပြဌာန်းထားသည်။
ယနေ့ထုတ်ပြန်သည့် အဆိုပါ လက်နက်ဥပဒေသစ်တွင် အခန်းပေါင်း (၉) ခန်းပါဝင်ပြီး ပုဒ်မ ၄၄ ခု ပါဝင် ပြဌာန်းထားသည်ကို တွေ့ရှိရသည်။