၁၁. ၅. ၂၀၂၃
Written By Thandar
မေလ ၆ ရက် ညနေပိုင်းက နေပြည်တော် လေဟာပြင်မှာ ကျင်းပခဲ့တဲ့ သုံးနှစ်စာ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ အကယ်ဒမီလူမင်းနဲ့ ဇနီးက လူမင်းရရှိလာတဲ့ အကယ်ဒမီပွဲတက် ရွှေရင်ထိုးကို အကယ်ဒမီဒေါ်မြတ်မွန်ထံ ယနေ့ မေလ ၁၁ ရက်မှာ သွားရောက်ဂါဝရပြုလက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အကယ်ဒမီ လူမင်းနဲ့ ဇနီး ခင်စံပယ်ဦးတို့ ဇနီးမောင်နှံက လူမင်း ရရှိထားတဲ့ အကယ်ဒမီပွဲတက် ရွှေရင်ထိုးကို “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားမှာအတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီ ဒေါ်မြတ်မွန်ကို သွားရောက် ဂါရဝပြုကန်တော့ခဲ့တဲ့အပေါ် ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်တယ်ဆိုတဲ့ အကြောင်း လူမှုကွန်ရက်မှာ တင်ထားကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် ပေးအပ်တဲ့ အကယ်ဒမီဆုပေးပွဲမှာ ဒါရိုက်တာ လူမင်းရိုက်ကူးခဲ့တဲ့ “နို့ဘီလူး” ဇာတ်ကားနဲ့ သရုပ်ဆောင် ဒေါ်မြတ်မွန်ဟာ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုမှာ ဆန်ကာတင် စာရင်းဝင်ခဲ့ပေမယ့် ဆုနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဒီလို ကန်တော့ခဲ့တဲ့ အကယ်ဒမီလူမင်းတို့ မိသားစု စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည်စုံပါစေလို့လည်း အဘွားဒေါ်မြတ်မွန်က ဆုမွန်ကောင်းတောင်းပေးလိုက်တယ်လို့လည်း သိရပါတယ်။