၁၁. ၅. ၂၀၂၃
Written By Thandar
မကြာခင်က Best Fashion Award ဆုကိုရရှိထားတဲ့ သရုပ်ဆောင် အောင်ရဲလင်းက “ငါ့မုန်းတဲ့ အက္ခရာ” ရုပ်ရှင်ကားရဲ့ အချေအတင်ဖြစ်တဲ့ ဆင်းန်တစ်ခုမှာ ခင်ဝင့်ဝါရဲ့ ဆံပင်ကို ဆွဲလိုက်တာ အားပါသွားလို့ ပြန်တောင်းပန်လိုက်ရတယ်လို့ ဆိုပါတယ်။
“ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ အချေအတင်တွေဖြစ်ချိန်မှာ ခင်ဝင့်ဝါ ဆံပင်ကိုဆွဲလိုက်တာ အားပါသွားသလိုဖြစ်သွားတယ်။ ညီမလေးရယ်။ Sorry ပါ။ Mood ဝင်သွားတော့ သတိမထားမိဘူး။ အကို မရည်ရွယ်ပါဘူးလို့ ပြန်တောင်းပန်ရတယ်။ သိပ်တော့ဘာမှမဖြစ်ဘူး။ သူကလည်း နားလည်ပါတယ်။ ကိုယ်ဆွဲလိုက်ချိန်မှာက မသိလိုက်ဘူး။ ငါ ဆွဲလိုက်မိတယ်ထင်တယ်ပေါ့” လို့ သရုပ်ဆောင် အောင်ရဲလင်းက ပြောပါတယ်။
သူက မေလ ၁၂ရက်မှာ ရုံတင်ပြသမယ့် “ငါမုန်းတဲ့အက္ခရာ” ရုပ်ရှင်ဇာတ်ကားမှာ တိုင်ရွန်၊ ကျော်စု၊ စိုးမြတ်သူဇာ၊ ခင်ဝင့်ဝါစတဲ့ အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားက နေပြည်တော်မှာ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
“ဒီကားထဲက ကျွန်တော့် ကာရိုက်တာက ဇိုးပေါ့။ နည်းနည်း ခပ်ဆိုးဆိုး မိုက်ကန်းကန်း ကောင်လေးပေါ့။ အမျိုးသမီးတစ်ယောက်ရဲ့ စပွန်ဆာနဲ့ ရပ်တည်ရတယ်။ မကြီးစိုးနဲ့က ဒီကာရိုက်တာအတွက် အရမ်းညှိနှိုင်းရတာတွေ မရှိပါဘူး။ ကျွန်တော့်ရဲ့ကာရိုက်တာ ပီပြင်ဖို့ပဲ ဂရုစိုက်ပြီး ရိုက်ခဲ့တာပါ ။ အိုက်တင်ပိုင်းကို အားသွန်ခွန်စိုက် ကြိုးစားထားပါတယ်။ ရွှေမှုနဲ့ ဆင်းန်က တစ်ရက်စာလောက်ပဲ ရိုက်ဖြစ်တာပါ။ ဒီဇာတ်ကားက အမှတ်တရတော့ ဖြစ်ရပါတယ် ”လို့ သူက ဆက်ပြောပါတယ်။