၁၁. ၅. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ရပ်ပေါင်း အနည်းဆုံး ၁၅၃ ကြိမ်ရှိခဲ့ပြီး အနည်းဆုံးလူပေါင်း ၃၀၂ ဦး ထိခိုက်သေကြေပျက်စီးခဲ့ရကြောင်း မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကို လေ့လာစောင့်ကြည့်သော (ERW) အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုနှစ်၏ ပထမသုံးလအတွင်းဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၇၃ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၂၉ ဦးရှိခဲ့ကြောင်း ERW အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရာ လက်နက်ကိုင်အဖွဲ့များကြား မြေမြှုပ်မိုင်း အသုံးပြုမှုလည်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရသူဦးရေသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် မြင့်တက်လျက်ရှိနေပြီး ပထမသုံးလအတွင်းဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် သေဆုံး၊ ဒဏ်ရာရသူဦးရေသည် ၂၀၂၂ ခုနှစ်တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူအားလုံး၏ ၇၇ ရာခိုင်နှုန်းအထိ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၃၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မန္တလေး၊ ပဲခူးတို့တွင်လည်း မြေမြှုပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်း ထိခိုက်သေဆုံးသောအရေအတွက်သည် တစ်နိုင်ငံလုံးအတိုင်းတာ၏ ၁၈ ရာခိုင်နှုန်းဖြစ်ကာ မန္တလေးတိုင်းက ၈ရာခိုင်နှုန်းဖြစ်ကြောင်း ERW အဖွဲ့က ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူအားလုံး၏ ၂၁ ရာခိုင်နှုန်းက ကလေးငယ်များဖြစ်ပြီး ကလေးငယ်ပေါင်း အနည်းဆုံး ၆၀ ကျော်သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ကမ္ဘာတဝှမ်းတွင် မြေမြှုပ်မိုင်း အသုံးပြုခြင်း ပိတ်ပင်တားဆီးမှုစာချုပ်ကို နိုင်ငံအများအပြား လက်မှတ်ရေးထိုးခဲ့သော်လည်း မြန်မာအပါအဝင် နိုင်ငံအချို့တွင် မြေမြှုပ်မိုင်းအသုံးပြုမှုများရှိနေကာ စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိကြောင်း သိရသည်။
Ref——-ERW