၁၁. ၅. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ စံပြမုန့်တိုက်တွင် အဲကွန်းကို ဂက်စ်ဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ကာ အမျိုးသား ၅ ဦး ဒဏ်ရာရသွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ မေလ ၁၀ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ဖြစ်စဉ်မှာ လသာမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၂၁ လမ်းထောင့်ရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသော စံပြ(SP Bakery)မုန့်တိုက်တွင် ညနေပိုင်း ၅ နာရီ ကျော် အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲကွန်းကို ပြင်တယ်။ ပြီးတော့ ဂက်စ်ထည့်တဲ့အခါ ယိုပြီး ပေါက်တာ။ ပြင်းပြင်းထန်ထန် ထိခိုက်တာမျိုး မရှိဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်မှ အသက် ၂၄ နှစ်ကြား အမျိုးသား အလုပ်သမား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကာ လက်ရှိတွင် သက်သာနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
“ပေါက်ကွဲသံကို ကြားလိုက်ရတယ်။ ဗုံးလို့တော့ မထင်ဘူးပေါ့။ ပြီးတော့မှ အလုပ်သမား ကောင်လေးတွေ ထိခိုက်တယ်ဆိုပြီး သိရတာ” ဟု ဖြစ်စဉ် ဖြစ်ပွားရာ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။