၁၁. ၅. ၂၀၂၃
Translated by Htwe Ko Tun
ယခုနှစ်တွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှု၌ တရုတ်နိုင်ငံ၏ ယွမ်ငွေကိုအသုံးပြုချိန် ငွေကြေးတည်ငြိမ်မှုမရှိခြင်းအခြေအနေကို လျော့ပါးစေရန် အထောက်အကူဖြစ်ရေးအတွက် ယွမ်ငွေအသုံးပြုရာ၌ ထိုင်းနိုင်ငံဗဟိုဘဏ်က စည်းကမ်းများလျှော့ပေါ့ပေးမည်ဟု မျှော်လင့်ကြောင်းဖြင့် ထိုင်းဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး မာသီး ဆူပါပေါင်ဆီ က မေလ ၁၁ ရက်တွင် ပြောခဲ့သည်။
ထိုင်းဗဟိုဘဏ်က နှစ်နိုင်ငံကုန်သွယ်ရေးတွင် ယွမ်ငွေအသုံးပြုမှု မည်ကဲ့သို့ မြှင့်တင်မည်ကို တရုတ် ဗဟိုဘဏ်နှင့်ဆွေးနွေးမှုပြုနေသည်ဟုလည်း ဆိုသည်။ ၎င်းက တရုတ်နိုင်ငံမှာ ထိုင်းနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သော်လည်း ငွေသားပေးချေရာတွင် ဒေသခံနိုင်ငံများ၏ ငွေကြေးများပေးချေမှုမှာ အနည်းငယ်သာရှိကြောင်းလည်း ၎င်းကပြောခဲ့သည်။
၎င်းက နှစ်နိုင်ငံစလုံးတွင် ငွေကြေးဖလှယ်ရေးလိုင်းများ(Swap Lines) များရှိပြီးဖြစ်၍ ကုန်သွယ်ရေးငွေ ပေးချေမှုများအတွက် သုံးစွဲမည့် ယွမ်ငွေပမာဏနှင့်ပတ်သက်၍ ပြဿနာမရှိကြောင်း၊ ယွမ်ငွေအနေဖြင့် ရေတိုကာလတွင် အမေရိကန်ဒေါ်လာကဲ့သို့ တူညီသောအခန်းကဏ္ဍမှ ဆောင်ရွက်နိုင်မည်မဟုတ်၍ နှစ်နိုင်ငံကုန်သွယ်ရေးတွင် ယွမ်ငွေအသုံးပြုမှုက အမေရိကန်ဒေါ်လာအတွက် စိုးရိမ်ဖွယ်ပြဿနာမဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဘတ်ငွေနှင့်လဲလှယ်ရာတွင် အမေရိကန်ဒေါ်လာ၏အတက်အကျဖြစ်နေသော သက်ရောက်မှုကို လျော့ကျစေရေးကူညီနိုင်ရန် ထိုင်းအစိုးရက နိုင်ငံ၏ပို့ကုန်လုပ်ငန်းရှင်များအား ကုန်သွယ်ရေးတွင် ဒေသခံငွေကြေးများအသုံးပြုကြရန် တိုက်တွန်းလျက်ရှိသည်။
Ref——-Reuters