၁၁. ၅. ၂၀၂၃
Written by Hey Mar
မြောက်ဒဂုံ (၄၀) ရပ်ကွက်တွင် အိမ်အကူအမျိုးသမီးနှစ်ဦးက အိမ်ရှင်အမျိုးသမီးကို ရိုက်သတ်ပြီး ငွေသားနှင့်တန်ဖိုးကြီးလက်ဝတ်ရတနာများ ယူဆောင်သွားမှု ယမန်နေ့ မေလ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ဒဂုံမြို့နယ်၊ (၄၀)ရပ်ကွက်၊ သိန္ဒီလမ်းရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် ၎င်းတို့ငှားရမ်းထားသည့် အိမ်အကူအမျိုးသမီးနှစ်ဦးမှ မာသောလက်နက်နှင့် သေဆုံးသည်အထိ ရိုက်နှက်ကာ အိမ်ရှိ ငွေသား ကျပ်သိန်း ၅၀၀ နှင့် တန်ဖိုးကြီး လက်ဝတ်ရတနာတချို့လည်း ယူဆောင်သွားကြောင်း မြောက်ဒဂုံအခြေစိုက် တာဝန်မှူး ပရဟိတအဖွဲ့မှ သိရသည်။
အဆိုပါအသင်းမှ တာဝန်ရှိသူက “အိမ်အကူတွေက ငှားထားတာ မကြာသေးဘူးလည်း ပြောကြတယ်။ သေဆုံးတဲ့ အမျိုးသမီးက သူ့သားလေးနဲ့ တစ်ဦးတည်း နေတာများတယ်။ အဲဒါကြောင့်လည်း သူ့အမျိုးသားက အိမ်အကူ နှစ်ယောက်ခေါ်ပေးထားတာမှာ အခုလိုဖြစ်သွားတာ။ အုတ်ခဲနဲ့ ထုသ-တ်တယ်လည်းပြောတယ်။ အဝတ်လျှော်တဲ့ တုတ်နဲ့ ရိုက်တာလို့လည်းပြောတယ်။ မနေ့က အဲဒီဘက်မှာ လေတိုက် မိုးရွာတော့ သစ်ပင်တွေလဲတာနဲ့ ကျွန်တော်တို့လည်း အဲဒီနားရောက်နေတာ။ သွားကူဖြစ်ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးပြီး ကြက်ခြေနီတပ်ဖွဲ့ရဲ့ သူနာတင်ယာဉ်နဲ့ အမျိုးသမီးရုပ်အလောင်းကို သယ်သွားပါတယ်”ဟု မျက်မြင်တွေ့ရသည့် အခြေအနေကို MT News သို့ ပြောသည်။
သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၂ နှစ်အရွယ်ရှိပြီး ၂ နှစ်သားအရွယ် သားငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ရပ်ကွက်နေသူတချို့၏ ပြောကြားချက်များအရ ကလေးက အမေဖြစ်သူအနားတွင် ငိုယိုနေသံကို အိမ်နီးနားချင်းများကြားရ၍ ကြည့်ရှုရာမှ ယခုလို အသတ်ခံထားရသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအမှုကို မြောက်ဒဂုံရဲစခန်းမှ စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယမန့်နေ့ မနက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ်မှာပင် အွန်လိုင်းမှငှားရမ်းသည့် အချိန်ပိုင်းနေ့စား အိမ်အကူအမျိုးသမီးမှ နာရီပိုင်းအတွင်း အိမ်မှ ရွှေငွေရတနာများ ခိုးယူထွက်ပြေးသဖြင့် ပြန်လည်ရမိ စစ်ဆေးသည့် ဖြစ်စဉ်သည့်ဖြစ်ပွားခဲ့ပြီး ရတနာပစ္စည်းများကို မိန်းမကိုယ်တွင်းထည့်ကာ ယူဆောင်ထွက်ပြေးခြင်း ပေါ်ပေါက်ခဲ့ကာ အဆိုပါ ရုပ်သံဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာထက်တွင် ပျံ့နှံ့လျှက်ရှိသည်။