၁၁. ၅. ၂၀၂၃
Written by Ye Kyaw
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမှုမရှိဘဲ ကျန်ရှိနေသည့်မြေဧက ၅ ဒသမ ၇ သန်းကျော်ရှိသည့်အနက် ဧက လေးသန်းခန့်ကို စပါးစိုက်ပျိုးနိုင်မည်ဆိုပါက ကျပ်ဘီလျံ ၂,၉၀၀ အထိ တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း မေ ၁၀ ရက်တွင် ပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တက်ရေးအစည်းအဝေး၌ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ပြီးခဲ့သည့်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိုးစပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်းခန့် ထွက်ရှိခဲ့ပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေရန် စိုက်ပျိုးရန်ကျန်ရှိသည့် မြေများတွင် စိုက်ပျိုးမှုများဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“စိုက်ပျိုးရန်ကျန်ရှိတဲ့ စိုက်ပျိုးမြေများတွင် ၄ သန်းခန့်အား သီးထပ်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းဖြင့် တွက်ချက်မယ်ဆိုရင် ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမှာဖြစ်ပြီး တစ်တင်း ၁၀,၀၀၀ နှုန်းဖြင့် တွက်ချက်ကြည့်မယ်ဆိုရင် စပါးတင်းသန်း ၂၉၀ အတွက် ကျပ်ဘီလျံ ၂,၉၀၀ ရရှိပြီး တိုင်းပြည်ရဲ့စီးပွားရေးတိုးတက်လာမှာဖြစ်တယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ အဆိုပါစိုက်ပျိုးခြင်းမရှိသည့် စိုက်ပျိုးမြေဧက ၄ သန်းပေါ်တွင် အခြားသီးနှံများနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်မည်ဆိုပါကလည်း စပါးကဲ့သို့ များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများရှိကြောင်း၊ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် စားသုံးဆီများပိုလျှံလာနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ခြင်းဖြင့် နိုင်ငံဂျီဒီပီ တိုးတက်နှုန်းကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် နှီးနွှယ်နေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် အခြားလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် နှီးနွှယ်နေသူများဖြစ်ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဆိုပါကကျေးလက်နေပြည်သူများ၏ဘဝများ ထူးခြားစွာတိုးတက်ပြောင်းလဲလာမည်ဟု သုံးသပ်တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။