MT News
Written by Nay Aung
အိန္ဒိယအစိုးရအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုလန်းဟေဇာ၏ ကြိုးပမ်းမှုများကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆီယံထိပ်သီးအစည်းအဝေးကျင်းပခါနီးရက်ပိုင်းအလိုတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလန်းဟေဇာသည် မေလ ၉ ရက်နေ့က အိန္ဒိယပြည်ပရေးရာဝန်ကြီး S Jaishankar နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုလန်းဟေဇာသည် ပြီးခဲ့သော သီတင်းပတ်က မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သော ချင်ကန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့်ထပ်မံတွေ့ဆုံဆွေးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ပြီးခဲ့သောဧပြီ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနိုင်ရန် Track 1.5 Dialogue အမည်ရှိ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကြောင်းသိရသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးက ” မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလန်းဟေဇာကို လက်ခံဆွေးနွေးခွင့်ရလို့ ဝမ်းသာပါတယ်။ အိန္ဒိယအစိုးရဟာမြန်မာ့နိုင်ငံရေး အခြေအနေများနဲ့ပတ်သက်ပြီး နိုလန်းဟေဇာရဲ့အမြင်တွေကို နားလည်လက်ခံပါတယ်။ မြန်မာ့နိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့ နိုလန်းဟေဇာရဲ့ကြိုးပမ်းမှုတွေကို ထောက်ခံပါတယ်”ဟု၎င်း၏တွစ်တာအကောင့်တွင်ရေးသားဖော်ပြထားသည်။
မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ပြီးခဲ့သောလက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရှိ အဖွဲ့စည်းများအားလုံးကို
အကြမ်းဖက်မှုများ ရပ်တန့်ရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်စပ်ချင်း ၁၆၄၀ ကီလိုမီတာ ထိစပ်နေပြီး နာဂလန်းပြည်နယ်၊ မဏိပူရပြည်နယ်အပါအဝင် အိန္ဒိယအရှေ့မြောက်ရှိပြည်နယ်များနှင့် နယ်စပ်ချင်းထိစပ်နေသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေးကို မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ မြန်မာ့ နိုင်ငံရေးနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
Ref——-telegraphindia