SAC သတင်းထုတ်ပြန်ရေးအဖွဲ့ကမူ PDF များ တိုက်ခိုက်၍ အမျိုးသားငါးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ နေအိမ် ခုနစ်လုံးပျက်စီးဟု ထုတ်ပြန်
MT News
ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာကို ပျုစောထီးရွာဟုဆိုကာ PDF ပူးပေါင်း ၇ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့မှုတွင် PDF အဖွဲ့များက လူ ၂၀ ကျော် သတ်နိုင်ခဲ့သည်ကြေညာလိုက်ပြီး SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကမူ PDF များက တိုက်ခိုက်၍ အမျိုးသားငါးဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရ၍ နေအိမ် ခုနစ်လုံးပျက်စီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
လက်နက်ကိုင်ဆောင်ထားသူများ၏ နှစ်ဖက်စွပ်စွဲထုတ်ပြန်မှုများတွင် ဖြစ်စဥ်အချို့အရ မေလ ၉ ရက် နံနက် ၅ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF များက ကျေးရွာအနီး မူးဘောင်လမ်းမှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ လူနေအိမ်များအား မီးရှို့ ဖျက်ဆီး၍ ကျေးရွာနေ အပြစ်မဲ့ အရပ်သားပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကောင်းထက်ဇင်၏ နေအိမ်ပါ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါကျေးရွာနေ အပြစ်မဲ့အမျိုးသား ၅ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၁ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့အတူ လူပေါင်းရာထောင်ချီနေထိုင်သော ဇီးဖြူကုန်းကျေးရွာကို ပျုရွာဟုစွပ်စွဲကာ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် NUG ဩဇာခံ ကျောက်လုံးကြီး (KLG) PDF ကမူ ဇီးဖြူကုန်းရွာကို KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်းဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ ဒေါင်းလုလင် LPDF၊ Spring Guerrilla Platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ်ညီနောင်များက ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဇီးဖြူကုန်းရွာကို စီးနင်းသတ်ဖြတ်ချိန် ပစ္စည်းများလည်း ဝင်ရောက်လုယူသိမ်းဆည်းခဲ့သည်ဟု ဆိုသည်။