◾ လက်ရှိအချိန်မှာ သိုသိုသိပ်သိပ်နေထိုင်ရကြောင်း အင်တာဗျုးမှာ ထည့်သွင်းပြောကြား
၁၀.၅.၂၀၂၃
Written By Thandar
မြန်မာပြည်သာမက နိုင်ငံတကာက ဆယ်ကျော်သက် အမျိုးသမီးတွေကြား ရေပန်းစားတဲ့ မြန်မာသရုပ်ဆောင် ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေပြီး တရုတ်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံမှာ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ ဆွေးနွေးထားတယ်လို့ ထည့်သွင်း ဖြေကြားသွားပါတယ်။
ဒါပေမဲ့ လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်အသစ်တွေ လက်ခံဖို့ထက် အလုပ်အဟောင်းတွေကို အပြီးသတ်လုပ်ဖို့ ရောက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ထိုင်းနိုင်ငံကတော့ ကျွန်တော်ရဲ့ ဒုတိယအိမ်ပေါ့နော်။ ဒုတိယအိမ်ဆိုတော့ ဒီတစ်ခေါက်ထပ်လာရတာ အိမ်ဆိုတဲ့အတိုင်း နွေးထွေးမှုရှိတယ်။ ထိုင်းနိုင်ငံ ဒီတစ်ခေါက်လာတာက အလုပ်သစ်တွေ လက်ခံတာထက် အရင်ထောင်မကျခင်တုန်းက လက်ခံထားတဲ့ အလုပ်အဟောင်းကို အပြီးသတ်အောင်လာလုပ်ပေးတာပါ။ လောလောဆယ် မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်တွေ ကြော်ငြာတွေ ရိုက်နေပါတယ်။ လာမယ့် ၁၈ ရက်မှာ ကမ္ဘောဒီးယားကို ရုပ်ရှင်သွားရိုက်ဖို့ရှိတယ်။ တရုတ် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လာမယ့် စက်တင်ဘာလမှာ ဇာတ်ကားရိုက်ဖို့ လက်မှတ်ရေးထိုးပါမယ်။ တရုတ်သိုင်းကားတွေလည်းပါတယ်။ လက်ရှိအချိန်မှာ ခွန်သိုသိုသိပ်သိပ်နေရတာ ကြိုက် နှစ်သက်တယ်။ ထိုင်းနိုင်ငံမှာလည်း ရုပ်ရှင် ၃ကားရိုက်ဖို့ ကမ်းလှမ်းထားတာရှိပါတယ်“ လို့ ပိုင်တံခွန်က ထိုင်း သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံနဲ့ ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလမှာ ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ဝင်ခန်းတွေမှာ ထိုင်းဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားကို အများဆုံးပြောသွားမယ်လို့ သိရပါတယ်။ ရိုက်ကူးရေးအပိုင်း အတိအကျ သိရရင် ပရိသတ်ကို အသိပေးသွားမယ်လို့ သိရပါတယ်။ ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံ အလုပ်ကြွေးတွေကို လုပ်ကိုင်ရင်းနဲ့ ပတ္တရားကို သွားရောက်လည်ပတ်မှာဖြစ်ပြီး ၆ ရက် ခရီးကြာမယ်လို့ သိရပါတယ်။
လက်ရှိမှာ တရုတ်ဘာသာစကား ၊ အင်္ဂလိပ်စာ ဘာသာနဲ့ ထိုင်းဘာသာစကားကိုလည်း လေ့လာသွားမယ်လို့ဆိုပါတယ်။
“လက်ရှိအချိန် ကျွန်တော် ကိုယ့်ဟာကို အရမ်းအဆင်ပြေအောင် နေနေရတယ်။ အဆင်ပြေအောင် ကြိုးစားနေနေရတယ်။ စိတ်အားငယ်ချိန်တွေအများကြီးရှိတယ်။ အဓိကတော့ အားငယ်တာပေါ့။ ထိုင်းရောက်တော့ ကျွန်တော့်ကို လာကြိုတဲ့ ထိုင်းပရိသတ်တွေ တွေ့ရတော့ ဝမ်းသာသွားတယ်”လို့ ပိုင်တံခွန်က ဆက်ပြောပါတယ်။
ပိုင်တံခွန်ရဲ့ အနုပညာခရီးကနေ မြန်မာနိုင်ငံက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့လည်း အခွင့်အလမ်းတွေ ဆက်တိုက်ရရှိလာနိုင်မှာလည်း ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ မေလ ၆ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုလည်း အနုပညာရှင်တွေနဲ့အတူ ပွဲတက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
သရုပ်ဆောင် ပိုင်တံခွန်ဟာ ဧပြီလကလည်း ကမ္ဘောဒီးယားနိုင်ငံကိုသွားရောက်ပြီး ဒေါ်လာတစ်သန်းတန် ရုပ်ရှင်တစ်ကားတစ်ခု ရိုက်ကူးထုတ်လုပ်ရေးအပိုင်းမှာ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သူဟာ မြန်မာပြည်မှာ ဝေဖန်မှုတချို့ ကြုံတွေ့ရပေမယ့်လည်း အနုပညာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာက ကမ်းလှမ်းမှုတွေကို ဆက်တိုက်ဆိုသလို ရရှိနေခဲ့ပါတယ်။
ကမ္ဘောဒီးယားခရီးစဉ်ဟာ မင်းသားနဲ့ မော်ဒယ်ဖြစ်တဲ့ ပိုင်တံခွန်ရဲ့၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးလည်းဖြစ်ပြီး ဒုတိယခရီးစဥ်အနေနဲ့ ထိုင်နိုင်ငံကို သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မတ်လပိုင်းကလည်း နိုင်ငံတကာအဆင့်မီ အချစ် ဒရမ်မာ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ရင်ထဲကြွေတဲ့ ကြယ်” ဇာတ်လမ်းတွဲကို CANAL+ နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။