၁၀. ၅. ၂၀၂၃
Written by Ye Kyaw
စစ်တွေဆိပ်ကမ်းသစ် ဖွင့်လှစ်ပြီးသော်လည်း ကော်လ်ကတ္တားနှင့် တိုက်ရိုက်သင်္ဘာလိုင်း ပြေးဆွဲမှုအခက်အခဲရှိနေသဖြင့် သင်္ဘောလိုင်းပြေးဆွဲမှု ပုံမှန်သတ်မှတ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ရုံးသို့ တင်ပြတောင်းဆိုထားကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“အဓိကတော့ သင်္ဘောလိုင်းပေါ့လေ။ စစ်တွေနဲ့ ကော်လ်ကတ္တား သင်္ဘောလိုင်းကို ကျွန်တော်တို့ လိုအပ်တာက Schedule ဆွဲဖိုပေါ့။ ဥပမာ တစ်လမှာ နှစ်ကြိမ်သွားမလား၊ သုံးကြိမ်ပြေးဆွဲမလား၊ အဲဒါတွေစဖို့အတွက် လိုပါတယ်။ အဲဒါအတွက် တစ်ဖက်နိုင်ငံရဲ့ ကောင်စစ်ဝန်ရုံးကနေတစ်ဆင့် ကျွန်တော်ကလည်း တင်ပြပြီးတောင်းဆိုထားတာတွေလည်း ရှိပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။
သင်္ဘောလိုင်းများ ပုံမှန်ပြေးဆွဲနိုင်ပါက စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားသို့ တစ်ရက်အတွင်း ကုန်ပစ္စည်းများ တင်ပို့နိုင်မည်ဖြစ်သဖြင့် ကုန်သွယ်မှုအချိန်နှင့် ကုန်ကျစရိတ်များ ယခုထက် သက်သာလာမည်ဖြစ်သည့်အပြင် ကုန်ပစ္စည်းအရည်အသွေးများကိုပါ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရခိုင်မှာက လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပဲ ကုန်သွယ်မှုလုပ်နေရတဲ့ အနေအထားပေါ့။ အခုဆို အိန္ဒိယနဲ့ကုန်သွယ်မှုလုပ်လို့ရတဲ့ အနေအထားရောက်လာပြီ။ စစ်တွေကနေ တိုက်ရိုက်လုပ်နိုင်တဲ့အနေအထားပါ။ ဒါက တော်တော်လေး အားသာချက်ရှိပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ထွက်တဲ့ကုန်စည်တွေက စစ်တွေဆိပ်ကမ်းကနေ အိန္ဒိယရဲ့ ကော်လ်ကတ္တားအထိကို သွားမယ်ဆိုရင် တစ်ရက်လောက်ပဲမောင်းရတဲ့ခရီးဖြစ်တဲ့အတွက် အချိန်တွေတော်တော်လေးသက်သာမယ်။ ကုန်ကျစရိတ်သက်သာမယ်။ ပစ္စည်းအရည်အသွေးကောင်းကောင်းနဲ့ အမြန်ဆုံးရောက်နိုင်မယ်ဆိုတော့ ဒီဆိပ်ကမ်းက ရခိုင်ပြည်နယ်အတွက် တော်တော်လေးအရေးပါပါတယ်” ဟု ဦးတင်အောင်ဦးက ပြောသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဒုတိယနိုင်ငံတော်ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံဆိပ်ကမ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းလမ်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးဆောင်ကျင်းပသော ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မေ ၉ ရက် စစ်တွေဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။
အဆိုပါအခမ်းအနားတွင် စစ်တွေဆိပ်ကမ်းကို အခြေပြုတင်ပို့သော မြန်မာ့ပို့ကုန်များအတွက် ကုန်သွယ်ရေးခံစားခွင့်များနှင့် အခွန်အကောက် လျှော့ပေါ့သက်သာခွင့်ရရှိရေးနှင့် စစ်တွေ-ကော်လ်ကတ္တား ပုံမှန်ပြေးဆွဲပေးနိုင်မည့် သင်္ဘောလိုင်း သတ်မှတ်ထားရှိပေးရေးကိစ္စတို့ကို ရခိုင်ကုန်သည် /စက်မှုအသင်း (RSCCI)မှ တင်ပြဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် ကမ်းရိုးတမ်းသင်္ဘောပိုင်ရှင်များအသင်းမှလည်း စစ်တွေ ဆိပ်ကမ်းသစ်၌ ဆိပ်ကမ်းအသုံးပြုခများကို မြန်မာကျပ်ငွေစနစ်ဖြင့် ဆောင်ရွက်ခွင့်ရရှိရေးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဘိလပ်မြေများ တင်ဆောင်ထားသည့် MV ITT Lion အမည်ရှိ အိန္ဒိယကုန်တင်သင်္ဘောသည် ကော်လ်ကတ္တား Syama Prasad Mookerjee ဆိပ်ကမ်းမှ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းသို့ ပထမဆုံးခရီးစဉ် ပြေးဆွဲခြင်း အထိမ်းအမှတ် အခမ်းအနားကို မေလ ၄ ရက်၊ နံနက်ပိုင်း၌ ကော်လ်ကတ္တားမြို၊ Netaji Subhas Dock တွင် ကျင်းပခဲ့ရာ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုး တက်ရောက်ခဲ့ခြင်းဖြစ်သည်။