လတ်တလောတွင် PDF ၁၅၀၀ ထက်မနည်း အလင်းဝင်ထားပြီး ပြစ်မှုကျုးလွန်ထားသူများကိုပါ လိုအပ်သလို ဖြေလျှော့ပေးမည်ဟု သိရ
MT News
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ပါက လက်နက်တစ်မျိုး ကျပ် ၇၅ သိန်းအထိ ပေးအပ်မည်ဟု SAC က မေလ ၉ ရက်က စတင်ကြေညာလိုက်သည်။
လတ်တလောတွင် PDF ၁၅၀၀ ထက်မနည်း အလင်းဝင်ထားပြီး ပြစ်မှုကျုးလွန်ထားသူများကိုပါ လိုအပ်သလို ဖြေလျှော့ပေးမည်ဟုလည်း ဖော်ပြထားပြီး ဥပဒေဘောင်အတွင်းသို့ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ်ထိခိုက်နစ်နာစေမှု စသည့် ပြစ်မှုတစ်ခုခုကျူးလွန်ထားသူဖြစ်ပါက ဥပဒေအရ တရားရုံးတွင်အမှုရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်မှုအတိုင်းအတာအပေါ်မူတည်၍ ဥပဒေကြောင်းအရ လိုအပ်သည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖိတ်ခေါ်မှုတွင် ဖော်ပြထားသည်။
ယင်းသို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပါက လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်နက်/ခဲယမ်းပါရှိလာသူများကို (က) ရိုင်ဖယ်အုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅၀) သိန်း၊ (ခ) ပစ္စတိုအုပ်စုဝင်သေနတ်(၁)လက်ပါရှိပါက ကျပ် (၂၀) သိန်း၊ (ဂ) ပြောင်းချောသေနတ်(၁)လက်ပါရှိပါက ကျပ် (၃၀) သိန်း၊ (ဃ) စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီကဲ့သို့သော လက်နက်များ(၁)လက်ပါရှိပါက ကျပ် (၇၅)သိန်း၊ ( င) လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် (၁) လက်ပါရှိပါက ကျပ်(၅)သိန်း၊ ( စ) လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများပါရှိပါက ကျပ်(၃)သိန်း၊ (ဆ) လက်နက်/ခဲယမ်းမှအပအခြားအသုံးအဆောင်ပစ္စည်းများ (ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ်(၂)သိန်းနှင့် (ဇ) ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁) စင်းပါရှိပါက ကျပ်(၅၀)သိန်း အထိ ချီးမြှင့်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာလိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်ဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖိတ်ခေါ်လိုက်သည်။