MT News
Written by Min Mahar
မေလ ၈ ရက် ညဉ့်နက်ပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်၏ ခယ်မ နေအိမ်ဝင်းအတွင်း၌ ဗုံးတစ်လုံးပေါက်ကွဲကာ မပေါက်ကွဲသေးသောဗုံးတစ်လုံးပါတွေ့ရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်တိုက်နယ်၊ အိုးတော်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းဘေး၊ သိမ်ကြီးစျေးတောင်ဘက်ရှိ အသက် ၆၃ နှစ်အရွယ်ရှိသည့် ဆေးဘက်ဆိုင်ရာနည်းပညာအငြိမ်းစားအမျိုးသမီးကြီး (NLDအစိုးရဟောင်းလက်ထက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဦးဇော်မြင့်မောင်၏ခယ်မ)၏ နေအိမ်ဝင်းအတွင်း၌ ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် နောက်ထပ်မပေါက်ကွဲသေးသည့် အစိမ်းရောင်လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိခဲ့သောကြောင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦထိခိုက်မှုမရှိကြောင်းသိရပြီး လာရောက်ပစ်ခတ်သူများအား ဆက်လက်စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။