MT News
Written By Thandar
ကျော်ဇော ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတဲ့ အချစ်ဒရာမာဇာတ်လမ်း “ငါမုန်းတဲ့ အက္ခရာ” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို မေလ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
ဒီဇာတ်ကားကို မေလ ၁၂ ရက်မှာ မြန်မာတစ်ပြည်လုံးက အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသွားမှာ ဖြစ်ပါတယ်။
“၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ငါမုန်းတဲ့ အက္ခရာဇာတ်လမ်းကို သဘောကျလို့ ရိုက်ကူးဖြစ်ခဲ့တာပါ။ ဒီဇာတ်ကား ရိုက်ကူးနေတုန်း ရွှေမှုံရတီက လူငယ်သဘာဝ အိမ်ထောင်ပြုလိုက်တော့ မင်းသမီးနေရာ ခင်ဝင့်ဝါနဲ့ ပြောင်းလဲရိုက်ကူးဖြစ်ခဲ့တယ်။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေ ထူးခြားချက်တွေကို တွေ့ရမယ်။ အောင်ရဲလင်းဆိုရင် ဆံပင်ပုံစံရော အိုက်တင်ပိုင်းတွေကို တွေ့ရမှာပါ။ ငါမုန်းတဲ့ အက္ခရာဆိုတဲ့အတိုင်း အချစ်ဆိုတဲ့အက္ခရာကို ဘာကြောင့် မုန်းလဲဆိုတာ ဒီကားကြည့်ရင် ပရိသတ်တွေသိရမှာပါ”လို့ အကယ်ဒမီ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း ထက်ထက်ကျော်ဇော၊ ဇာတ်ညွှန်း ဆဲဗင်းဒေးက ရေးသားပြီး အကယ်ဒမီဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ တိုင်ရွန်၊ ကျော်စု၊ စိုးမြတ်သူဇာ၊ ခင်ဝင့်ဝါ၊ နွဲ့နွဲ့ စန်း၊ ဇင်မျိုး၊ နေလင်း၊ ဇော်ဇော်အောင်၊ ဟိန်းဇေ စတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားပါတယ်။