၉. ၅. ၂၀၂၃
Written by Nay Moe
SAC ၏ လခရများ လုံခြုံရေးလိုက်ပါလာသည့် သံတမန်ယာဥ်တန်းကို ချောင်းမြောင်းပစ်ခတ်ခံရမှု စတင်စုံစမ်းစစ်ဆေးနေသည်ဟု NUG က ယနေ့ထုတ်ပြန်သည်။
NUG အနေဖြင့် မေလ ၇ ရက်နေ့က တောင်ကြီးမြို့၌ ဖြစ်ပွားခဲ့သည့် သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို NUGက ဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့ခြင်း မရှိသကဲ့သို့ ယင်းဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ် ပြုထားမည် မဟုတ်ဘဲ NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့အနေဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက်ရှိပြီဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
PNLO ၏ ချိတ်ဆက်မှုဖြင့် SAC ၏ လုံခြုံရေးတပ်ဖွဲ့က လုံခြုံရေးယူလိုက်ပါလာသည့် အာဆီယံ လူသားချင်းစာနာမှုအထောက်အကူပြုရေးဗဟိုဌာန(AHA Center) နှင့် အင်ဒိုနီးရှား၊ စင်ကာပူတို့မှ သံတမန်များလိုက်ပါလာသည့်ယာဥ်တန်းကို ဆီဆိုင်မြို့အနီးတွင် အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ယာဥ်ကိုကျည်ထိမှန်မှုကြောင့် သံတမန်များ နောက်ကြောင်းပြန်လှည့်ခဲ့ကြောင်းနှင့် ချောင်းမြောင်းပစ်ခတ်သူများကို ဖမ်းဆီးနိုင်ရေးလုပ်ဆောင်နေကြောင်း SAC က သတင်းထုတ်ပြန်ခဲ့သလို အင်ဒိုနီးရှားသမ္မတနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနတို့က ရှုတ်ချခဲ့သဖြင့် NUG က ထိုပစ်ခတ်မှုကို စုံစမ်းနေပါကြောင်း ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။