၈. ၅. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ ၄/၆ ဆိုက္ကားဂိတ်တွင် ဆိုက္ကားနင်းသူ အမျိုးသားတစ်ဦး အိပ်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မေတ္တာ သီတာ ရေစင် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်၊ သုမဂ်လာလမ်းမပေါ် ၊ သီလ (၁၀)လမ်းထိပ် ၄/၆ ဆိုက်ကားဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးသူမှာ အသက် ၅၀ ကျော်အရွယ်ရှိသူဖြစ်ကြောင်း သိရသည်။
“သူက ဆိုက္ကားသမားပါ။ ညဘက် ဆိုက္ကားဂိတ်မှာ အိပ်ပြီး မနက် ဆုံးနေတာတွေ့လို့ ကျွန်တော်တို့ကို လှမ်းခေါ်တာပါ။ သူက အရက်သောက်တာတော့ သိတယ်။ သူ့အနားက လူတွေ ပြောတာပါ။ မနေ့က အကောင်းကြီး။ ဒီနေ့ ဆိုက္ကားလာနင်းတော့ ဂိတ်မှာ အိပ်နေတဲ့ ပုံစံလေးနဲ့ပဲ ဆုံးနေတာလို့ ပြောတယ်” ဟု မေတ္တာ သီတာ ရေစင် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သေဆုံးသူ အမျိုးသားသည် အထက်ပါ ဆိုက္ကားဂိတ်တွင်ပင် အိပ်သူဖြစ်ပြီး ပိုင်ရှင်မဲ့အလောင်းဖြစ်ကာ အချို့က ဇနီးနှင့် ကလေးရှိသည်ဟု ပြောကြောင်းလည်း ၎င်းက ဆိုသည်။
“အဲ့ဒီမှာပဲ သေဆုံးသူ အိပ်နေကျပါ” ဟု ၎င်းက ဆိုသည်။