၈. ၅. ၂၀၂၃
Written by Nay Aung
ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် နိုင်ငံပေါင်း ၅၈ နိုင်ငံရှိ လူပေါင်း ၂၅၈ သန်းသည် စားနပ်ရိက္ခာမလုံခြုံမှု၊ စားနပ်ရိက္ခာအခက်အခဲများကို အများဆုံး ရင်ဆိုင်တွေ့ကြုံနေရပြီး မြန်မာနိုင်ငံက ကမ္ဘာနိုင်ငံများအနက် စားနပ်ရိက္ခာလိုအပ်မှုအခက်အခဲကို အများဆုံးရင်ဆိုင်နေရသောနိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်များအရသိရသည်။
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းဖြစ်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)သည် ပြီးခဲ့သောရက်ပိုင်းက ၂၀၂၃ခုနှစ်အတွက် စားနပ်ရိက္ခာအကျပ်တည်းများနှင့် ပတ်သက်သော ကမ္ဘာ့အစီရင်ခံစာ The Global Report on Food Crises (GRFC)ကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက စားနပ်ရိက္ခာမလုံခြုံမှုအခက်အခဲကို အများဆုံးရင်ဆိုင်နေရသော ကမ္ဘာ့နိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း ဖော်ပြခဲ့သည်။
FAO ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ နိုင်ငံလူဦးရေ၏ ၂၇ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၅ ဒသမ ၂ သန်းသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း စားနပ်ရိက္ခာမလုံခြုံမှုနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်ချက်ပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံခြုံမှုနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သောဦးရေသည် ၁၃ သန်းကျော်သာရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၁၅ ဒသမ ၂ သန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ နေရပ်စွန့်ခွာထွက်ပြေးသူများ၊ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ခြင်းအပြင် ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ အစားစာဈေးနှုန်းမြင့်တက်ခြင်း၊ လောင်စာဆီနှင့် ဓာတ်မြေသြဇာဈေးနှုန်းမြင့်တက်ခြင်း၊ အစားအစာများလက်ခံရယူရန် ကန့်သတ်ခြင်းများရှိနေခြင်း၊ အိမ်ထောင်စုအများစု လက်လှမ်းမီသောဈေးနှုန်းထက် ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လျက်ရှိနေကြောင်း FAO က ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ ဒေသများအနက် ချင်းပြည်နယ်၊ ကယား၊ ကရင်၊ ရခိုင်နှင့် စစ်ကိုင်းတိုင်းတို့သည် စားနပ်ရိက္ခာလုံခြုံမှုမရှိခြင်း အခက်အခဲကို အဆိုးရွားဆုံးတွေ့ကြုံနေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ၊ မလုံခြုံမှုများက မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရမှုများနှင့် မလုံခြုံမှုများကို ကျယ်ပြန့်စွာဖြစ်လာစေခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အစားစာစိုက်ပျိုးထုတ်လုပ်ရန် ပြည်သူများ၏ လုပ်နိုင်စွမ်းကို ကန့်သတ်ခံရသလိုဖြစ်နေပြီး အထူးသဖြင့် ရခိုင်၊ စစ်ကိုင်းနှင့် ကယားပြည်နယ်များတွင် အစားအစာစိုက်ပျိုးထုတ်လုပ်ရန် ကန့်သတ်ခံနေရကြောင်း FAO က ဖော်ပြထားသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် စိုက်ပျိုးနိုင်သော ဧရိယာလျော့နည်းခြင်း၊ မြေယာများ သိမ်းယူခံရခြင်း၊ ရှင်သန်နေထိုင်နိုင်မှုနှင့် အလုပ်အကိုင်အခွင့်လမ်းရရှိမှုလျော့နည်းခြင်းများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
၂၀၂၂ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ မျှော်လင့်သလောက် ကောင်းမွန်မှုမရှိခြင်းကလည်း စားနပ်ရိက္ခာလုံလောက်အောင် လက်ခံရရှိခြင်းမျိုး မရှိခဲ့ကြောင်း FAO က သုံးသပ်ဖော်ပြထားသည်။ ပြည်တွင်း ငွေကြေးတန်ဖိုးက ဆက်လက်ကျဆင်းနေပြီး ၂၀၂၂ ခုနှစ်တွင် ၄ ပုံ ၁ ပုံနီးပါး ကျဆင်းလျက်ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သောတစ်နှစ်ပတ်လုံး လောင်စာဆီဈေးနှုန်းနှင့် အခြေခံအစားစာဈေးနှုန်းများ ဆက်လက်မြင့်တက်နေခြင်းကြောင့် အိမ်ထောင်စုများအနေဖြင့် အစားအစာထုတ်လုပ်ရန်နှင့် အစားအစာရရှိမှုများအတွက် အခက်အခဲများဖြစ်ခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများသည် ၂၀၂၁ ခုနှစ် နှစ်စပိုင်းနောက်ပိုင်းတည်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ ယခင်ဈေးနှုန်းထက် ၂ ဆကျော်မြင့်တက်လာခဲ့ကြောင်း FAO က ဖော်ပြထားသည်။ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်းက ၂၀၂၂ ခုနှစ်အတွင်းမြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံခြုံမှုများ ပိုမိုဖြစ်လာစေခဲ့ကြောင်း သိရသည်။ ကောက်ယူထားသည့် စစ်တမ်းများအရ ၂၀၂၂ နှစ် ဇူလိုင်အတွင်း ယူရီယားနှင့်ဓာတ်မြေသြဇာဈေးနှုန်းများသည် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းရှိခဲ့သော ယူရီးယားနှင့်ဓာတ်မြေသြဇာဈေးနှုန်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ၇၅ ရာခိုင်နှုန်းကျော်မြင့်တက်သွားခဲ့ကြောင်း FAO က ဆိုသည်။
ထို့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း FAO နှင့် WFP တို့ ပြုလုပ်ခဲ့သောစစ်တမ်းတွင် မြန်မာနိုင်ငံရှိ လယ်သမား ၅၄ ရာခိုင်နှုန်းသည် ၎င်းတို့မျှော်လင့်ထားသော စိုက်ပျိုးရိတ်သိမ်းမှုထက် လျော့နည်းစွာစိုက်ပျိုးထုတ်လုပ်ခဲ့ရကြောင်း သိရသည်။
Ref——- FAO