၈. ၅. ၂၀၂၃
Written By Thandar
မကြာခင်ရက်ပိုင်းက ကျင်းပခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ၂၀၂၂ ခုနှစ် “ဝေးမနေချင်ဘူး” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့တဲ့ အကယ်ဒမီရွှေမှုံရတီကတော့ ခင်ပွန်းဖြစ်သူ ရွှေထူးအကယ်ဒမီရတဲ့အပေါ် မနာလိုဖြစ်မိပေမယ့် ဝမ်းသာတယ်လို့ဆိုပါတယ်။
“ဆုရတဲ့ ခံစားချက်ကတော့ ဒီဆုရလို့ ညီမအမေအတွက် အရမ်းကို ပျော်ရွှင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမအမေအတွက် ဒီဆုလေးကို လိုချင်ခဲ့တာပါ။ အနုပညာသက်တမ်း တစ်လျှောက်လုံးမှာပါ အမေ မြင်ချင်ခဲ့တာကို ညီမလုပ်ပေးနိုင်ခဲ့တာပါ။ အစ်ကိုလည်း ဒီဆုကိုရတယ်ဆိုတော့ တော်တော်လေးကို အံ့သြသွားပါတယ်။ ဒါပေမယ့် သူ့ကံပေါ့။ မနာလိုဖြစ်ပေမယ့် ဝမ်းသာပါတယ်။ ညီမတို့တုန်းက နှစ်အကြာကြီး ကြိုးစားရတာဆိုတော့လေ။ သူဆုရလို့လည်း ဝမ်းသာပါတယ်”လို့ အကယ်ဒမီရရှိထားသူ ရွှေမှုံရတီက ပြောပါတယ်။
သူမက ၁၁ လပိုင်း ၁၁ ရက်နေ့ ၂၀၁၁ ခုနှစ်မှာ အနုပညာပျိုးခင်းကနေ ရွှေမှုံရတီဖြစ်လာအောင် ပျိုးထောင်ပေးခဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ရွှေမှုရတီက အသက် ၁၄ နှစ်အရွယ်မှာ အနုပညာလောကထဲ ရောက်ရှိလာပြီး လက်ရှိ အနုပညာသက်တမ်း ၁၂ နှစ်လောက်ရှိပြီလို့ သိရပါတယ်။
“ဒီကြားထဲမှာ အနုပညာမလုပ်တာနဲ့ တွက်ရင်တော့ အနုပညာ လုပ်သက်က ၁၀ နှစ်လောက်ရှိပြီ။ အနုပညာလုပ်သက် ၁၀ နှစ်မှာ ပထမဆုံးရတဲ့ အကယ်ဒမီဆုပါ။ အနုပညာလောကက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကြောင့်၊ မိသားစုကြောင့်၊ ပရိသတ်တွေနဲ့ အမေကြောင့် ရွှေမှုံရတီဆိုတာဖြစ်တည်လာတာပါ။ အဓိက,ကတော့ မေမေ့ကြောင့် ဒီအနုပညာအလုပ်ကို လုပ်ခဲ့တာပါ။ အသက် ၁၄ နှစ်ကတည်းကနေ အခု အသက် ၂၅ နှစ် ပြည့်တော့မယ့် အချိန်ထိ ညီမလုပ်ခဲ့တဲ့ အနုပညာ အားလုံးက သူ့အတွက်ပါ။ အမေ့ကို ပြောချင်တာက အမေ အမြဲတမ်း လိုချင်ခဲ့တဲ့ဆုကို သမီးယူပေးနိုင်ခဲ့ပါပြီ။ ဒီနှစ်ကတော့ ကိုရွှေထူးပါ ဆုရရှိခဲ့တော့ ညီမအတွက်က ဒီနှစ်က တော်တော်လေးကို ထူးခြားတဲ့နှစ် ဖြစ်သလို အမှတ်တရလည်းဖြစ်တယ်”လို့ သူမက ဆက်ပြောပါတယ်။