၈. ၅. ၂၀၂၃
Written By Thandar
အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ The Teacher ဇာတ်ကားကို Series ပုံစံ ထပ်မံရိုက်ကူးမဲ့ The Teacher 2 ရုပ်ရှင်ဇာတ်ကားက ပထမကားထက် ရက်စက်ပြီး သွေးထွက်သံယိုပါလာမယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
“ကျွန်တော်တို့ ဒီ The Teacher 2 ရိုက်ဖို့အတွက် သရုပ်ဆောင်သစ် ၄ ယောက် ခေါ်ယူထားတယ်။ သရုပ်ဆောင်အဟောင်းတွေလည်း ထပ်ပါလာမယ်။ သရုပ်ဆောင်သစ် ဇာတ်ကောင်နေရာအတွက် ဆရာမနှစ်ယောက် ရွေးမယ်။ အဖွားကြီး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်ထပ်ပါလာမှာပါ။ ကျွန်တော်အနေနဲ့ 1 ထပ်ပိုပြီး ရက်စက်တဲ့ဘက်သွားတဲ့ ကားလေးဖြစ်မယ်။ ပိုပြီး သွေးထွက်သံယိုပုံစံတွေ နည်းနည်းပါလာမယ်။ ကျွန်တော့် ဒါရိုက်တာ Life မှာ Trilogy မှာ တစ်ခုရိုက်ခဲ့ချင်တာပါ။ အဲလိုမျိုးမရှိခဲ့သေးဘူး ။ ၃ ကားပေါ့။ 1,2,3 The Teacher Universe ဆိုပြီးလုပ်ခဲ့ချင်တယ်”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
လက်ရှိ The Teacher 1 ကို ရုံတင်ပြသနေပြီး ရုံတင်ပြသခွင့် ၉ ပတ်ကျော်အထိ ပရိသတ် အားပေးမှုရရှိခဲ့တယ်လို့ သိရပါတယ်။ The Teacher 2 ရိုက်ကူးဖို့အတွက် ဇာတ်ကောင် နေရာဖြစ်တဲ့ မဉ္ဇူသာ ဇာတ်ကောင်နေရာက ( အသက် ၁၅ နှစ်ကနေ ၂၀ နှစ်အတွင်း ) တစ်ဦး၊ ကျော့ ဇာတ်ကောင်နေရာက ( အသက် ၂၀ နှစ်ကနေ ၃၀ နှစ်အတွင်း ) တစ်ဦး ၊ ဒေါ်မိုးသူဇာဇာတ်ကောင် နေရာက ( အသက် ၂၅ နှစ်က နေ ၃၅ နှစ်အတွင်း )တစ်ဦးနဲ့ ဒေါ်ခါးရုံ ဇာတ်ကောင်နေရာက ( အသက် ၆၀ နှစ်အထက် )တစ်ဦးကို ခေါ်ယူထားတာဖြစ်ပါတယ်။
အသက်နဲ့ ကိုက်ညီသူတွေ၊ စိတ်ပါဝင်စားသူတွေကို အရင်က ဇာတ်ကား ရိုက်ဖူးသည်ဖြစ်စေ၊ မရိုက်ဖူးသည်ဖြစ်စေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ Viber 09896974791 ကနေ မေလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဓာတ်ပုံနဲ့တကွ ဆက်သွယ်စာရင်းပေးထားနိုင်တယ်လို့ သိရပါတယ်။ သရုပ်ဆောင်ပိုင်း ရွေးချယ်ခြင်း၊ မရွေးချယ်ခြင်းက ရွေးချယ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်လို့ ဆိုပါတယ်။