၈. ၅. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်အရှေ့ပိုင်း စက်မှုဇုန် (၇) ရှိ စည်တော်ကြီးလက်ဖက်စက်ရုံမှ ယာဥ်မောင်းတစ်ဦး စက်ရုံကားဂိုထောင်အနီးတွင် လည်ပင်းကြိုးကွင်းစွပ်လျှက် ကြိုးဆွဲချသည့် အနေအထားဖြင့် ဆွဲကြိုးချ သေဆုံးနေသည့်ဖြစ်စဥ် ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
သေဆုံးသူမှာ လှိုင်သာယာ (၉) ရပ်ကွက်တွင် နေထိုင်သည့် ဦးမောင်မောင်ဦးဆိုသူဖြစ်ပြီး အသက် ၄၅ နှစ်ဝန်းကျင် ဖြစ်ကြောင်း၊ စက်ရုံတွင် ယာဥ်မောင်းအဖြစ်လုပ်ကိုင်နေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် နေအိမ်သို့ ပိတ်ရက်များတွင်သာ ပြန်လေ့ရှိပြီး နေ့စဥ် စက်ရုံ အလုပ်သမားများနေထိုင်သည့် အလုပ်သမားတန်းလျားနေရာတွင် အတူနေထိုင်သူဖြစ်ကြောင်း လှိုင်သာယာအခြေစိုက် ကရုဏာတွဲလက် လူမှုကူညီရေးအသင်းမှ သိရသည်။
“ကျွန်တော်တို့ဆီကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ရုပ်အလောင်းသယ်ပေးဖို့ လှမ်းပြောလို့ ကျွန်တော်တို့ သွားသယ်ပေးရတယ်။ သူနဲ့ အတူနေ စက်ရုံလုပ်သားတွေ ပြောတာကတော့ ညက ပူလို့ဆိုပြီး သူက အဲ့ဒီအပြင်ဘက်ထွက်အိပ်တာလို့ ပြောတယ်။ အနားမှာ ခုံတန်းလျားတွေလည်း ရှိတယ်၊ ကြိုးဆွဲချထားတဲ့ သံပိုက်တန်းကလည်း မြေပြင်ကနေဆို ၃ ပေလောက်ပဲ မြင့်တယ်။ အရက်ဖြတ်ထားတာလည်း မကြာသေးဘူး ပြောကြတယ်”ဟု ကရုဏာတွဲလက်အသင်းမှ တာဝန်ရှိသူက မျက်မြင်ကြုံတွေ့ရသည့် အခြေအနေကို MT News သို့ ပြောသည်။
သေဆုံးသူအား လှိုင်သာယာဆေးရုံ ရင်ခွဲရုံသို့ ကရုဏာတွဲလက်ရှင်ရေး/ နာရေးကူညီမှုအသင်းပိုင်ယာဥ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးရုံမှ PR/10 ဖြင့် လက်ခံထားရှိကြောင်း၊ ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ်မဟုတ် ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။