၈. ၅. ၂၀၂၃
Written By Thandar
Power King Production က မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပညာပေး “တတိယကမ္ဘာ” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားကို မေလ ၈ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ရှိ ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဒီရုပ်ရှင်ကားကြီးကို ယုံယုံကြည်ကြည်နဲ့ ရိုက်ကူးခွင့်ပြုတဲ့အတွက် ထုတ်လုပ်ရေးကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားအတွက် ဇာတ်ကောင်နဲ့ လိုက်ဖက်တဲ့သူတွေကို သေချာရွေးချယ်ပြီး မရိုက်ခင်မှာလည်း သေချာ လေ့ကျင့်ပေးထားပါတယ်။ ဒီရုပ်ရှင်ကားကြီအတွက် ကျွန်တော်ကိုယ်တိုင်လည်း ရင်ခုန်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပညာပေးဆိုတော့ ကျွန်တော် သိထားတတ်ထားတာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးသွားမှာပါ” လို့ ဒါရိုက်တာ ထက်ကြီး (Xtet Gyi) က ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ဒီရေလှိုင်းက ရေးသားပြီးတော့ ဒါရိုက်တာထက်ကြီး (Xtet Gyi) ကသရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းမင်းနေလ၊ စွမ်းရည်စိုးမင်း၊ ကျော်ကျော်အိန္ဒြာ၊ ရွှေရတီ၊ ရဲနောင်၊ မြတ်ကို၊ ဇော်ဟိန်း၊ ရဲပြည့်၊ ဘုန်းမြတ်၊ ပပသင်း၊ ဟန်နီဟိန်းသစ် တို့က ပါဝင်ကြမှာဖြစ်ပါတယ်။ “တတိယကမ္ဘာ” ဇာတ်ကားဟာ မူးယစ်ဆေးဝါးနဲ့ လွတ်ကင်းအောင်မနေနိုင်တဲ့ မိသားစုတစ်စုရဲ့ အဖြစ်တွေကို ဇာတ်လမ်းဖွဲ့ထားတာဖြစ်တယ်လို့ သိရပါတယ်။
” ဒီဇာတ်ကားအတွက် Power King သရုပ်ဆောင်ခေါ်တာကို ဝင်ပြိုင်ခဲ့တာပါ။ အခုလို ညီမကိုရွေးချယ်ပြီး ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက် အများကြီးကြိုးစားသွားမှာပါ။ ညီမ ဒီကားမှာ ဘုန်းမင်းနေလရဲ့ ညီမလေးနေရာ ပရိသတ်တွေ့မြင်ရမှာပါ။ လိုအပ်ချက်တွေရှိရင်လည်း ပရိသတ်တွေလည်း ဝေဖန်ထောက်ပြပေးပါလို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင် ကျော်ကျော်အိန္ဒြာက ပြောပါတယ်။