MT News
၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးပုံဖော်ထားတဲ့ “နိုင်ငံကြီးသား” ဇာတ်ကားကလည်း အကယ်ဒမီ ဆန်ကာတင် စာရင်းဝင်ထားသလို အကယ်ဒမီရမယ်လို့ခန့်မှန်းနေကြပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကတော့ ခေတ်တစ်ခုမှာ စနစ်ကို ထင်ဟပ်အောင်ပြသနိုင်ခဲ့တဲ့ “နိုင်ငံကြီးသား” ဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။
အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကို ခေတ်စနစ်နဲ့အညီ အကျင့်ပျက်ခြစားမှုတွေကို ပီပြင်စွာ ဖန်တီးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။
“နိုင်ငံကြီးသားရဲ့ ရုပ်ရှင်ကတော့ ဘဘဦး၀င်းတင်ရဲ့ မှတ်တမ်းပြုထားတဲ့စာလေးတစ်ခုကို အခြေတည်ထားတယ်။ လူဆိုတာ အမှန်တရားဘက်က ရပ်ရုံ၊ အမှန်တရားဘက်က ထောက်ပြရုံနဲ့က မပြီးသေးဘူး။ အမှားလုပ်နေသူကိုလည်းဖော်ထုတ်ရဲရမယ်။ အမှားလုပ်သူတွေကို ဆွဲထုတ်ပြရမယ့်စာကို အခြေပြုဇာတ်အဖြစ် ဖန်တီးဖြစ်တာပါ။ အရင်ခေတ်ကတော့ ရိုက်ခွင့်မရဘူး။ အခုကတော့ ခေတ်ကတော်တော်ပြောင်းလဲလာပါပြီ။ ရိုက်ခွင့်တွေလည်း အများကြီးပေးထားတယ်။ ကျွန်တော်ဒီကားကို ရိုက်ဖို့ ဇာတ်ကိုတင်လိုက်ချိန်မှာ ဇာတ်အသွားအလာ ပြင်ဆင်ချက် နည်းနည်းပဲပြင်ခိုင်းတယ်။ဆင်ဆာမှာ ရဲမှူးကြီးဝင်းသော်(အငြိမ်းစား)ဆီက အကြံဥာဏ်တွေယူဖြစ်ပါတယ်။ ဇာတ်ကိုပြင်ဆင် ဖန်တီးလိုက်လို့ အခက်အခဲတွေတော့ မရှိတော့ပါဘူး”လို့ ဒါရိုက်တာ စတီးလ်က ယခင် Press Show ပွဲမှာ ပြောပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦးနဲ့ ရိုက်ကူးထားသလို အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားပေါင်း ၉၇ ကားကျော်ရှိပြီး ၂၉ ကားက ဆန်ကာတင်စာရင်းမှာ ပါဝင်ပါတယ်။ အဲဒီဇာတ်ကားတွေက “နိုင်ငံကြီးသား” ဇာတ်ကား အပါအဝင် “ရိုးမပေါ် ကျတဲ့မျက်ရည်”၊ “နို့ဘီလူး” ၊ “ချည်”၊ “ကြာတော့သည်လည်း မောင့်စကား” ၊”လိပ်ပြာစံအိမ်” ၊ “ထာဝရနှောင်ကြိုး” ၊ “သူစိမ်းအိမ်” ၊ “ဒဏ္ဍာရီမိုး”၊ “ပပဝတီစီရင်ခန်း” ၊ “ညစ်တွန်း” ၊ “၁၀၁၄”၊ “လှပ်၍ လွှင့်သော” အစရှိတဲ့ ဇာတ်ကားတွေလည်း အကယ်ဒမီ ဆန်ကာတင်စာရင်းမှာ ပါဝင်နေပြီး အကယ်ဒမီခန့်မှန်းမှုတွေ ပြုလုပ်လျက် ရှိပါတယ်။