၆. ၅. ၂၀၂၃
Written by Min Mahar
မန္တလေးမြို့ အမရပူရမြို့နယ် လဝကရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးသုံးဦးဒဏ်ရာရရှိမှု ယမန်နေ့ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၅ ရက် ည ၆ နာရီ ၃၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နယ်မြေ ၅ /ကရှိ မြို့နယ်လဝကရုံးတွင် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းအမျိုးသမီး ၂ ဦးနှင့် မိသားစုဝင်ထဲမှ မှီခိုအမျိုးသမီးတစ်ဦးတို့ ဗုံးစများထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးများသည် ဝမ်းဗိုက်၊ ဦးခေါင်း၊ ခြေသလုံးများတွင် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဒေသခံလူမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုကြောင့်ပင် လဝကရုံးရှေ့ အဖီအမိုးသွပ်သုံးပေပတ်လည်ခန့် အပေါက်တစ်ပေါက်နှင့် သွပ် ၁ ချပ် အပေါက်ငယ်လေးများပေါက်ကာ လန်ထွက်သွားကြောင်းလည်း လဝကရုံးမှ ဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။