MT News
၆. ၅. ၂၀၂၃
တရုတ်ဖိုက်တာ ဖန်ရောင်းကို ဒုတိယအချီ ၄၇ စက္ကန့်မှာ အနိုင်ရခဲ့တဲ့ မြန်မာစပါးကြီးမြွေ အောင်လဟာ သူ လက်လွှတ်ခဲ့ရတဲ့ ကမ္ဘာ့ချန်ပီယံဆုအတွက် ရိုင်နီယာကို ပြန်လည်စိန်ခေါ်ထိုးသတ်ခွင့် ရရှိခဲ့ပြီဖြစ်ပေမဲ့ ဒီပွဲက အောင်လအတွက် One Championship နဲ့ နောက်ဆုံးပွဲဖြစ်နေတာကြောင့် ဘယ်ကိုသွားရမယ် မသိဖြစ်နေတယ်လို့ အောင်လက ပြောပါတယ်။
ဒီနေ့ပွဲမှာ အနိုင်ရမှ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆု စိန်ခေါ်ခွင့်ရမှာဖြစ်တဲ့ အောင်လဟာ ပထမအချီမှာ အရင်လိုမျိုး ထိချက်မမှန်ဘဲ ခွန်အားဖြုန်းတဲ့ ထိုးချက်တွေနဲ့ အလဟဿအဖြစ်မခံဘဲ ဖန်ဝေါင်းရဲ့ အမှားကို စောင့်ထိုးနေခဲ့သလို ဖန်ရောင်းကလည်း Stand Fight ကို အားပြုထိုးနေတာကြောင့် ပထမအချီမှာ သည်းလှိုက်ဖွယ်ရာ ထိုးသတ်မှုပုံစံထက် အကဲစမ်းထိုးသ-တ်ပုံမျိုးပဲ အဓိကမြင်တွေ့ခဲ့ရပြီး အောင်လထိုးချက်မှာ ဖန်ရောင်းမျက်ခုံးကွဲခဲ့တာကလွဲရင် ရင်ဖိုမောစရာ ပွဲသိမ်းတော့မလား ဖြစ်ရပ်မျိုးတွေ မတွေ့မြင်ခဲ့ရပါဘူး။
ပထမအချီပြီးလို့ ဒုတိယအချီအစမှာတော့ ဖန်ရောင်းဟာ ပထမအချီကလို ဆိုင်ထိုးဖို့အစား အောင်လရဲ့ ရင်ခွင်ထဲကို ပွဲအစ ၃၇ စက္ကန့်လောက်မှာ ခေါင်းထိုးပြေးဝင်ရာတာကို အောင်လက ဖန်ရောင်းရဲ့ လည်မျိုအပိုင်အနိုင်ချုပ်မိပြီး ထိုင်ချလိုက်ချိန် ဆယ်စက္ကန့်လောက်အကြာမှာ ဖန်ရောင်းဘယ်လိုမှ ဆက်ပြီးတောင့်မခံနိုင်တော့တာကြောင့် အောင်လက အနိုင်ရသွားခဲ့ပါတယ်။
“ဒီပွဲကအတွက် ကျွန်တော်အများကြီးပြင်ဆင်ထားပါတယ်။ ဒီပွဲအတွက် မြန်မာပရိသတ်ကို ကျွန်တော်အများကြီး ကျေးဇူးတင်ပါတယ်။ ဒီပွဲအတွက်ဆို ပြိုင်ဘက်က ကာဒီယိုမြင့်တဲ့အတွက် ကာဒီယိုတော်တော်လုပ်ရတယ်။ မြန်မာပြည်အတွက် အားကစားသမားတစ်ယောက်အနေနဲ့ ကိုယ်စားပြုရပ်တည်ခွင့်ရတာ အများကြီးဝမ်းသာပါတယ်။ နောက်ပွဲမှာ One Championship အတွက် စိန်ခေါ်ခွင့်ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီပွဲက ကျွန်တော့်စာချုပ်ရဲ့ နောက်ဆုံးပွဲဖြစ်နေတယ်။ ကျွန်တော်ဘယ်သွားရမလဲ မသိသေးဘူး။ ဒီပွဲမှာ တရုတ်ပြည်က အားကစားသမားက တော်တော် ခံနိုင်တယ်။ သူ့ရဲ့ Head Shots တွေ အရမ်းခံနိုင်တယ်။ ဒီညတော့ ကျွန်တော့်ကလေးတွေနဲ့ အေးအေးဆေးဆေးအိပ်မယ်။ ပြီးတော့ ကျွန်တော့် Promotion အတွက် စကားပြန်ပြောရမယ် ” လို့ အောင်လက Live လွှင့် ပြောသွားပါတယ်။
ဖန်ရောင်းကို အနိုင်ထိုးသတ်အပြီး One Championship ကို သူ့အတွက် ချန်ပီယံလုပွဲစီစဥ်ပေးဖို့ အောင်လက တောင်းဆိုခဲ့ပေမဲ့ One Championship ကတော့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိရသေးဘဲ မနက်ဖြန် ဆွေးနွေးပွဲအပြီးမှာမှ အဖြေထွက်မှာဖြစ်ပါတယ်။
အောင်လဟာ သုံးပွဲဆက် နိုင်ပွဲရနေချိန်မှာတော့ သူ့ကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံနှစ်ဆုရသွားတဲ့ ရိုင်နီယာဒီရစ်ဒါက နှစ်ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ စာချုပ်ပြည့်သွားပြီဖြစ်ပေမဲ့ သူ့ရဲ့ လက်လွတ်ခဲ့ရတဲ့ ချန်ပီယံဆုအတွက် အောင်လပြန်လည်စိန်ခေါ်ထိုးသတ်ခွင့်ရမလားဆိုတာကိုတော့ …။