၅. ၅. ၂၀၂၃
Written by Min Mahar
စျေးထဲ၌အမဲသား၊ ဝက်သားရောင်းနေသည့်အမျိုးသမီးတစ်ဦးကို PDF အဖွဲ့ဝင် ၅ ဦးက သေနတ်ဖြင့်ပစ်သတ်ပြီးနောက်”စစ်ကောင်စီထောက်ပံ့သူအလိုမရှိ”ဟု ပြောဆိုကာ ထွက်ပြေးသွားမှု တောင်သာမြို့နယ်တွင် ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ရွာခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မေလ ၅ ရက် နံနက် ၈ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ငွေသောင်ကျေးရွာရှိ ငွေသောင်ကျေးရွာဈေး( ၅ ရက်တစ်ခါမှဖွင့်လှစ်ရောင်းချလျှက်သောစျေးနေ့)တွင် အသက် ၃၅ နှစ်အရွယ်အမဲသား၊ ဝက်သားရောင်းနေသောအမျိုးသမီးသည် အသက် ၅၅ နှစ်အရွယ်ခန့်ရှိသော ၎င်း၏ခင်ပွန်းဖြစ်သူနှင့်အတူ စျေးရောင်းနေစဉ် ဆိုင်ကယ် ၃ စီးဖြင့်အမျိုးသား ၅ ဦးသေနတ် အတိုအရှည်များကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး အသား သယ်အမျိုးသမီးနှင့်ခင်ပွန်းဖြစ်သူအား ဒူးထောက်ထိုင်ခိုင်းပြီး ၎င်းတို့ထဲမှတစ်ဦးက ဇနီးဖြစ်သူ၏ဦးခေါင်းကိုသေနတ်အရှည်ဖြင့်တစ်ချက်ပစ်ခတ်ပြီးနောက် သေနတ်ကိုမိုးပေါ်ထောင်ဖောက်၍”စစ်ကောင်စီထောက်ပံ့သူအလိုမရှိ”ဟုပြောဆိုအော်ဟစ်ကာ လှည်းကူးမကျေးရွာဘက်သို့ပြန်လည်ထွက်ပြေးသွားကြောင်း စျေးအတွင်းမျက်မြင်သက်သေတစ်ဦး၏ပြောပြချက်အရ သိရသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၎င်းအမျိုးသမီးသည် အခင်းဖြစ်နေရာတွင် ဦးခေါင်းခွံကွဲကြေဒဏ်ရာနှင့် ဘယ်ဘက်ပါးဖောက်ထွက်ဒဏ်ရာများရရှိပြီး သေဆုံးခဲ့သဖြင့်အလောင်းအား နံနက် ၁၁ နာရီတွင် ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးပြီးနောက် အသက်သေဆုံးအောင်ပြုလုပ်သူများ ပြန်လည်ဖမ်းဆီးရမိရေးအတွက် လှည်းကူးမကျေးရွာ၊ ဇရပ်ကြီးကျေးရွာနှင့် ပြဿဒ်ကြီးကျေးရွာများသို့ ပိတ်ဆို့ရှာဖွေစုံစမ်းစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။