၅. ၅. ၂၀၂၃
Written by Peya
တက္ကစီနှင့်အတူ ပျောက်ဆုံးသွားသည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင်သူယာဉ်မောင်း၏ အလောင်းဟုယူဆရသော ရုပ်အလောင်းကို သန်လျင်တွင် ပြန်တွေ့ရကြောင်း ပျောက်ဆုံးသူနှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
တက္ကစီယာဉ်မောင်းအမျိုးသားတစ်ဦးသည် ၎င်း၏ တက္ကစီယာဉ်နှင့်အတူ မေလ ၃ ရက် ညနေပိုင်း ၄ နာရီ အချိန်တွင် ထွက်သွားပြီးနောက် ညပိုင်း ၇ နာရီ နောက်ဆုံး အဆက်အသွယ်ရကာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မေလ ၄ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်ရှိ ထမလုံက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ဖွက်ထားသည့် ပျောက်ဆုံးတက္ကစီယာဉ်ကို ပြန်တွေ့ရကာ အဆိုပါ ကားကို လာပြန်ယူသည့် လုယက်သူများကို ဒေသခံများက လိုက်ဖမ်းခဲ့သော်လည်း လွတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“Body ကို ဒီနေ့ ပြန်တွေ့ပြီ။ Body မှာက နှစ်ပိဿာလောက်ရှိတဲ့ ကျောက်ခဲနဲ့ မျက်နှာကို ထုထားတော့ မျက်နှာပျက်နေတယ်။ အခု သူ့အမျိုးသမီးက အတည်ပြုဖို့ လုပ်နေပါတယ်။ သန်လျင်မြို့နယ်က ဘုရားကုန်းအကျော် အင်ကြင်းကျေးရွာ တောစပ်မှာ ပြန်တွေ့တာပါ။ ရဲက တွေ့တာပါ” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
ပျောက်ဆုံးသူသည် ညပိုင်း ကားဆွဲလေ့ရှိသူမဟုတ်ကြောင်းနှင့် ညနေပိုင်း ၅ နာရီကျော်သည့်အထိပင် ကားဆွဲလေ့မရှိဘဲ အသိမိတ်ဆွေက ခေါ်သည့်အတွက် လိုက်သွားခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“အလောင်း ဓာတ်ပုံကို လှမ်းပို့တဲ့အချိန် တချို့လူတွေက မဖြစ်နိုင်ဘူးလို့ ထင်တယ်။ သူ့မိန်းမက ကိုယ်တိုင်က ဓာတ်ပုံကိုကြည့်ပြီး အတည်ပြုတယ်။ အခု သန်လျင်ဘက်ကို လာနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ရန်ကုန်မြို့တွင် တက္ကစီအငှားယာဥ်များ လုယက်သတ်ဖြတ်မှုဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဧပြီ ၁၂ ရက်မှ ယခု မေ ၅ ရက်အတွင်း အငှားယာဥ်မောင်းသုံးဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားထားသည်။