၅. ၅. ၂၀၂၃
Written by Peya
ယနေ့ နံနက်အစောပိုင်းက နေပြည်တော်တွင် အသက် ၅၀ ကျော်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး သေဆုံးခဲ့ကာ တိုက်သည့်ကားမှာ မောင်းပြေးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက မေလ ၅ ရက်တွင် သတင်းရရှိသည်။
ဖြစ်စဉ်မှာ မေလ ၅ ရက် နံနက်အစောပိုင်း ၅ နာရီခွဲအချိန်ခန့်က နေပြည်တော်ကောင်စီလမ်းဆုံအနီး၊ ရာဇဌာနီလမ်းမအလယ်တွင် အသက် ၅၀ ကျော်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ဒေါ်တုတ် ဆိုသူမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် ယာဘက်လက်ကျိုးသည့် ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“သူက ခြေဦးတည့်ရာ ပတ်သွားနေတာလို့ ပြောတယ်။ မိသားစုက ရှိတယ်လို့ ပြောပါတယ်။ သူသေတော့ မိသားစုက လိုက်လာပါတယ်။ ယာဉ်မောင်းကို မိတာ မမိတာတော့ မသိပါဘူး” ဟု အလောင်းကို သွားရောက်သယ်ယူကာ ဆေးရုံသို့ ပို့ပေးခဲ့သည့် မွန်မြတ်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ကို မေးမြန်းရာ ကားတစ်စီးကတိုက်ကာ မောင်းနှင်ထွက်ပြေးသွားသည်ဟု သိရကြောင်းလည်း တာဝန်ရှိသူများထံက စုံစမ်းသိရှိရသည်။