၅. ၅. ၂၀၂၃
Written by Hey Mar
မွန်ပြည်နယ် မော်လမြိုင်မြို့၊ သိပ်ဇရပ်-မရမ်းချောင်းကြား ကုလားမကွေ့တွင် ယနေ့ မေလ ၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ခန့်က Canter အမျိုးအစား ဘုရားဖူးယာဥ်တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါလာသူ ၃၀ ကျော် ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲစုကြီး ပြည်နယ်နှင့် တိုင်း ပရဟိတ ချန်နယ်မှ ဒုတိယဥက္ကဋ္ဌ ကိုတိုးအောင်က MT News သို့ ပြောသည်။
ဖြစ်စဥ်မှာ အဆိုပါ ဘုရားဖူးယာဥ်သည် ကွေ့ကြောတွင် အရှိန်နှင့်ကွေ့ပြီး ဘရိတ်နင်းမိရာမှ ကားမှာ လိမ့်ထွက် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်တွင် ကူညီဆောင်ရွက်မှုပေးခဲ့သည့် ပေးဆပ်သူ ပရဟိတ အသင်းမှ တာဝန်ရှိသူက ဆိုသည်။
ဘုရားဖူးယာဥ်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှ သံဃာ၊ ကိုရင် ၉ပါးနှင့် လူပုဂ္ဂိုလ် ၂၅ ဦး လိုက်ပါပြီး မော်လမြိုင် သိမ်ဇရပ် ဝါးပိုးကျေးရွာသို့ ပဌာန်းတရားပွဲ ကျင်းပရန် သွားရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖြစ်စဥ်တွင် ထိခိုက်သူများမှာ မစိုးရိမ်ရသည့် သွေးထွက်ဒဏ်ရာများ ရရှိကြသည့်အတွက် မွန်ပြည်နယ် မော်လမြိုင်အခြေစိုက် ပရဟိတအသင်းများဖြစ်ကြသော သိမ်ဇရပ် အခြေစိုက် လူမှုကူညီရေးအသင်း၊ စစ်တောင်းလူမှုကူညီရေးအသင်း၊ ကျိုက်ထို လူမှုကူညီရေးအသင်းများမှ သူနာတင်ယာဥ်များဖြင့် သိမ်ဇရပ် အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။