MT News
Written by Pan Ei
အိန္ဒိယနိုင်ငံအခြေစိုက် Adani ကုမ္ပဏီသည် မြန်မာ့ဆိပ်ကမ်းစီးပွားရေးဇုံစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချမှု အပြီးသတ်ခဲ့ကြောင်း ယနေ့ (ကြာသပတေးနေ့) တွင် ပြောကြားခဲ့ပြီး ထိုပမာဏမှာ ၎င်းတို့ စီမံကိန်းတွင် ရင်းနှီးမြှပ်နှံထားသည်ထက် သိသိသာသာနည်းပါးနေသည့် ပမာဏဖြစ်သည်။
Adani ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာပဋိပက္ခများဖြစ်ပွားပြီးနောက် နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့်အကြောင်းကို ၂၀၂၂ ခုနှစ် မေလကတည်းက ကြေညာထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စီမံကိန်း ပြီးစီးမှုအခြေအနေများအပါအဝင် အချို့သော တွေ့ကြုံရသည့် စိန်ခေါ်မှုအခက်အခဲများကြောင့် သဘောတူညီချက်သည် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။
Adani အုပ်စုကုမ္ပဏီသည် မူလက ၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လအတွင်း မြန်မာနိုင်ငံမှ ထွက်ခွာမှုကို အပြီးသတ်ရန် ရည်ရွယ်ထားသော်လည်း နှောင့်နှေးမှုများကြောင့် ဝယ်ယူသူ Solar Energy Ltd နှင့် ရောင်းချသည့်စျေးနှုန်းကို ဒေါ်လာ သန်း ၃၀ သို့ ပြန်လည်ညှိနှိုင်းခဲ့ရသည်ဟု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် မေလမှ စာရင်းကိန်းဂဏန်းများအရ ကုမ္ပဏီသည် မြေငှားရန် ဒေါ်လာ သန်း ၉၀ ကြိုတင်ပေးချေမှု အပါအဝင် စီမံကိန်းတွင် ဒေါ်လာ ၁၂၇ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရပြီး ယခုအခါ စီမံကိန်းကို ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချရခြင်းမှာ ၎င်းတို့ စီမံကိန်းတွင် ရင်းနှီးမြှပ်နှံထားသည်ထက် သိသိသာသာနည်းပါးနေသည့် ပမာဏဖြစ်ပြီး ဝယ်ယူသူမှာ မည်သည့်နိုင်ငံအခြေစိုက်ဖြစ်သည်ကိုမူ မသိရှိရသေးချေ။
လူနည်းစုအစုရှယ်ယာရှင်များထံမှ သွင်းအားစုများသည် ကုမ္ပဏီ၏ စီမံကိန်းမှထွက်ရန် ဆုံးဖြတ်ရာတွင် အဓိကတွန်းအားဖြစ်ကြောင်း Adani ကုမ္ပဏီက ယခင်ကပြောကြားခဲ့ဖူးပြီး မြန်မာ့ဆိပ်ကမ်းစီးပွားရေးဇုံစီမံကိန်းကို ဒေါ်လာ သန်း ၃၀ ဖြင့်ရောင်းချခဲ့သည်ဆိုသည်ကို ကြေညာပြီးနောက် Adani ကုမ္ပဏီ၏ ရှယ်ယာများသည် ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
Ref; Business Today, Reuters