MT News
နိုင်ငံရေးပုဒ်မဟုဆိုသည့် ၅၀၅(က) အကျဥ်းသား ၂၁၅၃ ဦး ပြန်လွှတ်ပေးခြင်းနှင့် သေဒဏ်ကျ အကျဥ်းသား ၃၈ ဦးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲသက်ညှာမှုအပေါ် ဝမ်းမြောက်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပေးပါရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က SAC အစိုးရအဖွဲ့အား မေလ ၄ ရက်တွင် တိုက်တွန်းချက် ထုတ်ပြန်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၁/ ၂၀၂၃ ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်း အသီးသီးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ – က အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား သူ ၂၁၅၃ ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၂/ ၂ဝ၂၃ ဖြင့် အကျဉ်းထောင် အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/ သူ ၃၈ ဦးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ် တစ်သက်သို့ ပြောင်းလဲကျခံစေခဲ့သည်။
ဤဆောင်ရွက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အကျိုးဆက်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများသည် မိသားစုဝင်များနှင့် ပြန်လည် ပေါင်းစည်းခွင့်ရကြပြီး သေဒဏ်လွတ်ငြိမ်းခွင့် ရကြသူများအနေဖြင့်လည်း အသက်ရှင်သန်ခွင့် ရရှိကြပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် ထပ်တူ လွန်စွာ ဝမ်းမြောက် ပီတိဖြစ်ရပါကြောင်းနှင့် အလားတူ အပြုသဘောဆောင်သော ခြေလှမ်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု MNHRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။