၅. ၅. ၂၀၂၃
Written By Thandar
နာမည်ကြီး လူရွှင်တော်တစ်ဦးဖြစ်တဲ့ လူရွှင်တော်ကောင်းကျော်(ခ) ဦးကောင်းကျော်ဟာ ကဆုန်လပြည့်နေ့ မေ ၃ရက်မှာ အင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာပြီး နေကောင်းကျန်းမာစွာရှိနေတယ်လို့ သိရပါတယ်။
ခင်ပွန်းသည် နေအိမ်ကို ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းနဲ့ နေကောင်းကျန်းမာကြောင်းကိုလည်း ဇနီးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သူ့ကိုတော့ သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းထဲရှိတဲ့ သူ့နေအိမ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီနောက် ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့တာလည်းဖြစ်ပါတယ်။
ဦးကောင်းကျော်ဟာ SAC အဖွဲ့ အာဏာရယူတဲ့အပေါ် ဆန့်ကျင်မှုကို လူသိထင်ရှားပြုလုပ်နေကြတဲ့ ဟားငါးကောင် ဟာသလူရွှင်တော်အဖွဲ့ကို ထောက်ခံနေတယ်ဆိုပြီး Telegram Channel တွေမှာ ဖော်ပြခံခဲ့ရသလို ဦးကောင်းကျော်ကိုဖမ်းဆီးဖို့လည်း တိုက်တွန်းခဲ့ကြတဲ့နောက် သူ့နေအိမ်မှာပဲ လွန်ခဲ့တဲ့တစ်နှစ်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံရေးပုဒ်မလို့ဆိုတဲ့ ၅၀၅ က – အကျဉ်းသား၂၁၅၃ ဦးကို မနေ့က မေလ၃ ရက် ကဆုန်လပြည့်နေ့မှာ လူသားချင်းစာနာထောက်ထားမှုအရဆိုပြီး လွတ်ငြိမ်းခွင့်တွေပေးခဲ့တာဖြစ်ပါတယ်။ သေဒဏ်ကျအကျဉ်းသားအကျဉ်းသူ ၃၈ ဦးကိုလည်းသေဒဏ်ကနေ တစ်သက်တစ်ကျွန်းထောင်ဒဏ်ကို လျှော့ပေါ့ခဲ့တယ်လို့ သိရပါတယ်။