၅. ၅. ၂၀၂၃
Written by Ye
ပြင်ဆင်ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် မူလတန်ဖိုးထက် ဈေးနှုန်းတိုးမြှင့်ထားသည့် အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာတို့ကို ဝယ်ယူရန်စာရင်းပေးသွင်းသူ ဦးရေ ၇၁၀ ကျော်အားလုံးကို လာမည့် မေ ၉ ရက်တွင် အခန်းမဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြေညာထားသည်။
“အခန်းရပြီးသားသူက မပြောင်းဘူး။ အခန်းမရသေးရင် ဈေးအသစ်နဲ့ပဲ ဖြစ်မှာပဲ။ အလွှာပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းပြောင်းလဲသွားမယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ဘဏ်ချေးငွေစနစ်ဖြင့် ရောင်းချပေးရန် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင် စုဆောင်းငွေကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စာရင်းကောက်ခဲ့ပြီး အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ ၂,၇၈၈ ဦးအထိရှိသည်။
အိမ်ရာစုဆောင်းငွေပြည့်မီသူများအနက် အောင်မြင့်မိုရ်အိမ်ရာ ၄ ခန်းတွဲ ၃ ထပ်တွင် ၂၂၁ ဦး၊ အောင်မြင့်မိုရ် ၆ ခန်းတွဲ ၃ ထပ်တွင် ၃၉၄ ဦးနှင့် သီလဝါအိမ်ရာ ၆ ခန်းတွဲ ၅ ထပ်တွင် ၉၈ ဦးတို့ဖြင့် စုစုပေါင်း ၇၁၃ ဦးတို့က ဝယ်ယူရန်စာရင်းပေးသွင်းထားခြင်းဖြစ်သည်။
အိမ်ခန်းဝယ်ယူရန် စာရင်းပေးသွင်းထားသူအားလုံးကို အိမ်ခန်းဝယ်ယူခွင့်ရှိသူများအဖြစ် သတ်မှတ်၍ အိမ်ခန်းမဲနှိုက်ပေးခြင်းကို ၂၀၂၃ ခုနှစ်၊ မေ ၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းရုံး) စုဝေးခန်းမ၌ ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြင်ဆင်သတ်မှတ်လိုက်သည့် ဈေးနှုန်းအရ တောင်ဒဂုံမြို့နယ်အတွင်းရှိ အောင်မြင့်မိုရ်အိမ်ရာ၏ စတုရန်းပေ ၉၀၀/၁၃၀၀ ပေရှိ အခန်းတန်ဖိုးသည် အခန်းအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံး ကျပ် ၃၂၆ သိန်းနှင့် အများဆုံး ကျပ် ၆၁၂ သိန်းအထိရှိလာမည်ဖြစ်ပြီး စတုရန်းပေ ၄၆၈ ပေရှိ အခန်းတန်ဖိုးသည် အခန်းအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံး ကျပ် ၁၂၂ သိန်းနှင့် အများဆုံး ကျပ် ၂၁၆ သိန်းအထိ ရှိလာမည်ဖြစ်သည်။
သန်လျင်-ကျောက်တန်းမြို့နယ်ရှိ သီလဝါအိမ်ရာ၏ စတုရန်းပေ ၃၈၄ ပေရှိ အခန်းတန်ဖိုးသည် အခန်းအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံးကျပ် ၁၁၄ သိန်းနှင့် အများဆုံးကျပ် ၁၄၆ သိန်းအထိ ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် မူလတန်ဖိုးထက် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။