၄. ၅. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေထိုင်လျက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် မေလ ၃ ရက် ညနေပိုင်းတွင် ပူလွန်းသည့်အတွက် ကြီးမားသောရေကန်ကြီးထဲတွင် သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးချိန်အတွင်း ရေနစ်သေဆုံးကာ ပျောက်ဆုံးလျက်ရှိနေကြောင်း သိရသည်။
ရနောင်းမြို့ရဲစခန်းသည် မြန်မာနိုင်ငံသားတစ်ဦး ရေကူးချိန်အတွင်း ရေနစ်သေဆုံးသည့် သတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ ရေကန်ကြီးသည် အနက် အနည်းဆုံး ၂၃ မီတာရှိပြီး ရေကန်အကျယ် အနည်းဆုံး ၁၂ ဟတ်တာရှိကြောင်း သိရသည်။ မျက်မြင်တွေ့ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ရေနစ် သေဆုံးသွားသူကို ရေကန်အတွင်း ရှာဖွေခဲ့သော်လည်း ချက်ချင်းရှာတွေ့ခြင်းမျိုးမရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ရေနစ်သေဆုံးခဲ့သူ၏ သူငယ်ချင်းတစ်ဦးဖြစ်သော အသက် ၂၄ နှစ်အရွယ်ရှိ မပပ က ရေနစ်သေဆုံးသူသည် ထိုင်းဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၁ နှစ်အရွယ်ရှိ စောသန်း ဆိုသူဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးနှင့် အသက် ၅၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ထွန်းထွန်း ဆိုသူတို့သည် အလုပ်အားလပ်ရက်ဖြစ်သောကြောင့် ရေကန်ကြီးအနားတွင် အတူထိုင်နေခဲ့ပြီး စောသန်းက ပူအိုက်လွန်းသည့်အတွက် ရေကူးချင်ကြောင်း ပြောဆိုကာ ရေကန်ထဲ ရေဆင်းကူးခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။ စောသန်းသည် ရေကန်ကြီးထဲဆင်းကာ ရေကူးခဲ့ပြီးနောက် ရေကန် ကမ်းစပ်မှ မီတာ ၅၀အကွာတွင် စောသန်းကို တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မတွေ့တော့ကြောင်း မြန်မာနိုင်ငံသားဖြစ်သော မပပက ဝန်ခံပြောဆိုထားသည်။
မပပ က ၎င်းနှင့် ဦးထွန်းထွန်းတို့သည် ရေမကူးတတ်သောကြောင့် ရေဆင်းကူးခြင်းမျိုးမရှိခဲ့ကြောင်း၊ စောသန်းရေနစ်နေချိန်တွင်လည်း ရေမကူးတတ်သောကြောင့် ချက်ချင်းကယ်တင်ပေးနိုင်ခဲ့ခြင်းမျိုးမရှိကြောင်း မပပ ကပြောသည်။ ရေကန်အနီးရှိကျေးရွာများမှ ရွာသားများကို အကူညီတောင်းခံခဲ့ကြောင်း မပပက ပြောဆိုထားသည်။ ရေငုပ်သမားများသည် မြန်မာနိုင်ငံသားစောသန်း ရေနစ်ခဲ့သော နေရာနားတစ်ဝိုက်တွင် ၂ နာရီကြာ ရေငုပ်ရှာဖွေခဲ့သော်လည်း ရေနစ်သေဆုံးသူ စောသန်းကို ရှာမတွေ့ခဲ့ကြောင်း ရေကန်ကြီးသည် နက်လွန်းသည့်အတွက် ရေငုပ်သမားများ ရှာဖွေရန် အခက်အခဲများ ရှိနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
သို့သော်လည်း ရေကန်ကြီး၏အောက်ခြေတွင် ရွံ့နွံများနှင့် သစ်သားအပိုင်းအစများ ရှိနေခြင်းကြောင့် ရေငုပ်သမားများအတွက် အခက်အခဲဖြစ်နေခြင်းဖြစ်သော်လည်း ရေနစ်သေဆုံးသူကို တွေ့ရှိချိန်အထိ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
Ref ——matichon.