၄. ၅. ၂၀၂၃
Written by Min Mahar
ဘုန်းကြီးကျောင်းအတွင်း ပန်းရံလုပ်နေသောလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ယောင်္ကျားဖြစ်သူအား ဓားဖြင့်ထိုးသ-တ်မှု ဘိုကလေးမြို့နယ်တွင် ယနေ့နံနက်အရုဏ်မတက်ခင်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာအုပ်စု၊ ကသပေါင်းကျေးရွာ၊ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဆွမ်းစားဆောင်တွင် မေလ ၄ ရက် နံနက် ၂ နာရီခွဲကျော်က လင်မယားနှစ်ဦးစကားများရန်ဖြစ်ကြရာမှ အသက် ၄၅ နှစ်အရွယ် ဇနီးဖြစ်သူက အသက် ၄၈ နှစ်အရွယ် ယောင်္ကျားဖြစ်သူကို အရိုး/အသွား ၉ လက်မခန့်ရှိသော ဟင်းရွက်လှီးဓားဖြင့် ၁ ချက်ထိုးလိုက်သည့်အတွက် ရင်ညွှန့်အထက်နားတွင် ၁ လက်မခန့်ထိုးသွင်းဒဏ်ရာဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့သောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ဘိုကလေးမြို့နယ်ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါလင်မယားနှစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တလုတ်ထော်ကျေးရွာမှ အခင်းဖြစ်ပွားသော ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းသို့ ပန်းရံလာရောက်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး အိမ်ထောင်ရေးဖောက်ပြန်မှုနှင့်ပတ်သက်ကာ စကားများရန်ဖြစ်ကြရာမှ ယခုကဲ့သို့ အသက်သေဆုံးအောင် ဓားဖြင့်ထိုးခဲ့သဖြင့် ဇနီးဖြစ်သူအား နယ်မြေခံရဲတပ်ဖွဲ့မှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။