၄. ၅. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ပင်ဆီလ်ဗေးနီးယားပြည်နယ်၏ အကြီးဆုံးမြို့ကြီးဖြစ်သော “ညီနောင်ရင်းချာ ပမာချစ်ကြည်မှုမြို့တော်”(City of Brotherly Love) ဟုလည်း တင်စားခေါ်ဝေါ်ကြသည့် ဖီလာဒယ်လ်ဖီးယားမြို့ကြီးတွင် နှစ်စဉ်ကျင်းပနေကြဖြစ်သော ‘ဖီလာဒယ်လ်ဖီးယားမြို့ ကိုယ်တုံးလုံး စက်ဘီးစီးပွဲတော်’ (Philly Naked Bike Ride) ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီမံကျင်းပသူများက မေလ ၃ ရက်တွင် ပြောကြားခဲ့ကြသည်။
၎င်းတို့က ဖီလာဒယ်လ်ဖီးယားတွင် နှစ်စဉ်ကျင်းပနေကြ ဤစက်ဘီးစီးပွဲကို ၂၀၂၃ ခုနှစ်အတွက် လောင်စာထိန်းသိမ်းမှုနှင့် အပြုသဘောဆောင်သော ခန္ဓာကိုယ်ပုံရိပ်တို့ကို မြှင့်တင်ရန် ဦးတည်ကျင်းပသွားခြင်းဟု ပြောခဲ့ကြသည်။ ယခုနှစ်တွင် ၁၀ မိုင်(၁၆ ကီလိုမီတာ)ခန့် ရှည်လျားသော စက်ဘီးစီးလမ်းကြောင်း၌ ကိုယ်တုံးလုံး စက်ဘီးစီးမည့်သူ ၃,၀၀၀ ခန့် ပါဝင်ကြမည်ဟု သိရသည်။
Philly Naked Bike Ride ကို ၂၀၀၉ ခုနှစ်မှစ၍ ဖီလာဒယ်လ်ဖီးယားမြို့တွင် နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၂၀ ၌သာ ကိုဗစ်-၁၉ ကြောင့် မကျင်းပနိုင်ဘဲရှိခဲ့သည်။ ယခုနှစ်တွင် ဤကိုယ်တုံးလုံး စက်ဘီးစီးပွဲတော်က ပြည်သူများအတွင်း စက်ဘီးစီးအလေ့အထ ပို၍ပျံ့နှံ့လာစေရန်အပြင် မိမွေးတိုင်းဖမွေးတိုင်း အဝတ်အစားမပါ ဗလာနေထိုင်မှုအား ပုံမှန်တွေ့နေကျ ကိစ္စတစ်ရပ်အဖြစ်နှင့် ပျော်ရွှင်ဖွယ်ရာ ဘဝ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်ခံလာကြစေရန် ပို၍ အားပေးမှုပြုနိုင်မည်ဟုယုံကြည်ကြောင်းလည်း ပွဲစီမံကျင်းပသူများက ပြောကြားခဲ့ကြသည်။
၎င်းတို့က စက်ဘီးစီးပွဲကျင်းပမည့်ရက်ကို ကြေညာခဲ့သော်လည်း စတင်တာထွက်မည့်နေရာနှင့် လမ်းကြောင်းတို့ကိုမူ ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးပေ။ သို့သော် ပွဲမကျင်းပမီ ပြောကြားသွားမည်ဟု ၎င်းတို့က ပြောခဲ့ကြသည်။
Ref——-AP