၄. ၅. ၂၀၂၃
Written by Min Mahar
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ဘူတာမီးပွိုင့်တွင် တာဝန်ကျနေသော လုံခြုံရေးတပ်ဖွဲ့များကို PDF နှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး၍ တပ်ဖွဲ့ဝင်တစ်ဦးဗုံးစထိမှန်မှု ယမန်နေ့ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၃ ရက်နေ့(ကဆုန်လပြည့်နေ့) ည ၇ နာရီ ၁၀ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဘူတာမီးပွိုင့်တွင် တာဝန်ကျနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို သီရိမဏ္ဍိုင်လမ်းမကြီးဘက်မှ PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာပြီး အနောက်မှလိုက်ပါလာသူက လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်ပြီးနောက် ပစ္စတိုနှင့်ပါ တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ကင်းစောင့်နေသောလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ၎င်းတို့နှစ်ဦးသည် ရာဇသင်္ဂဟလမ်းမအတိုင်း ခွာညိုပန်းအဝိုင်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ဝဲဘက်ခါးအထက်ကို ဗုံးစထိမှန်သွားသည့်ဒဏ်ရာ ၃ ချက်နှင့် ဝဲဘက်လက်မောင်းကိုလည်း ဗုံးစထိမှန်ဒဏ်ရာ ၆ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားရာအနီး၌ ၉ မမကျည်ခွံ ၁ ခု၊ လက်ပစ်ဗုံးလီဗာလက်ကိုင် ၁ ခု သိမ်းဆည်းရမိခဲ့ပြီး လိုက်လံပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။