၄. ၅. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားအစိုးရက သမ္မတဗလာဒီမာပူတင်အား လုပ်ကြံမှုပြုရန် မောင်းသူမဲ့လေယာဉ်နှစ်စီးကို ကရင်မလင်နန်းတော်သို့ ယူကရိန်းအစိုးရက စေလွှတ်ခဲ့ကြောင်း၊ ထိုအချိန်တွင် သမ္မတပူတင်မှာ နန်းတော်အတွင်း မရှိကြောင်းလည်း မေလ ၃ ရက်တွင်စွပ်စွဲပြောကြားခဲ့သည်။
ရုရှားစစ်ဘက်နှင့် အထူးတပ်ဖွဲ့များက အဆိုပါ မောင်းသူမဲ့လေယာဉ်နှစ်စီးကို ပစ်ချခဲ့ကြောင်းနှင့် ပျက်ကျလာသော အစိတ်အပိုင်းများကို ရုရှားအစိုးရထံ ပေးပို့ခဲ့ကြောင်းလည်း ပြောခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကမူ ထိုဖြစ်ရပ်၌ ယူကရိန်းအစိုးရက လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း၊ ရုရှားအစိုးရအနေဖြင့် မူမမှန်သော အကြောင်းပြချက်ဖြင့် ယိုးမယ်ဖွဲ့ကာ လှည့်စားခြင်းသက်သက်သာဖြစ်ကြောင်း ပြန်လည်ငြင်းဆန်ခဲ့သည်။
အမေရိကန်အရာရှိသုံးဦးကလည်း ၎င်းတို့အနေဖြင့် ကရင်မလင်နန်းတော်အား ယူကရိန်းဘက်က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့အနေဖြင့် သတိမပြုမိကြောင်း၊ ရုရှားနိုင်ငံကို ကာကွယ်ရန် လေကြောင်းကာကွယ်ရေးစနစ်များ အများအပြားရှိနေသည့်အတွင်းမှ ရန်သူမောင်းသူမဲ့လေယာဉ်တစ်စီးက ကရင်မလင်နန်းတော်အနီး ချဉ်းကပ်နိုင်သည်ဆိုခြင်းမှာ သံသယရှိဖွယ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြသည်။
ထိုအတောအတွင်း ရုရှားနိုင်ငံပိုင်သတင်းဌာနဖြစ်သော တာ့စ် က ရုရှားနိုင်ငံအနောက်တောင်ပိုင်း၊ ခရိုင်းမီးယားနယ်သို့ ဆက်သွယ်သည့် တံတားတစ်ခုအနီးရှိ ရေနံလှောင်ကန်တစ်ခုကိုလည်း မောင်းသူမဲ့လေယာဉ်တစ်စီးဖြင့် တိုက်ခိုက်မှုကြောင့် မီးအကြီးအကျယ်လောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားဘက်က မြို့တော်ကီးအက်ဗ် အပါအဝင် ယူကရိန်းနိုင်ငံတစ်ဝန်းသို့ ဒုံးကျည်တိုက်ခိုက်မှုများ ပြုလာခဲ့ပြီးနောက် ယူကရိန်းကလည်း မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုများဖြင့် တုံ့ပြန်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရကလည်း ယူကရိန်းသို့ ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ လုံခြုံရေးအထောက်အပံ့ပစ္စည်းများ ပေးပို့မည်ဟု မေလ ၃ ရက်တွင် ကြေညာခဲ့ပြန်ရာ ယူကရိန်းအနေနှင့် ၎င်းစီစဉ်ထားသော တန်ပြန်ထိုးစစ်စတင်လာနိုင်မည်လားနှင့် စစ်ပွဲအရှိန်မြင့်လာမည်လားဟု ခန့်မှန်းရပေသည်။
Ref—–CNN, nbcnews.com