၄. ၅. ၂၀၂၃
Written by Peya
ကျားဖြူပါတီဟုသိကြသည့် ယခင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် အဆိုပါအမည်မှ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် နာမည်ပြောင်းလိုက်ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ရန်အတွက် ဆောင်ရွက်နေကာ အဆိုပါ ပါတီအနေဖြင့် ယခင်ပြောထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအပြင် ထပ်တိုး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရွေးကောက်ပွဲဝင်သွားရန် အစီအစဉ်ရှိကြောင်း ကျားဖြူပါတီမှ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးလှဌေးက MT News သတင်းဌာနသို့ ပြောသည်။
ကျားဖြူပါတီသည် လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ပါတီချင်း ပေါင်းတာမရှိဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ပါတီချင်း အစုအဖွဲ့လိုက် ပေါင်းတာမျိုးမလုပ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် လာမယ်ဆိုရင်တော့ ဘယ်သူမဆို ကျွန်တော်တို့က လက်ခံမယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ဝင်ရောက်လုပ်ကိုင်တာကို ကြိုဆိုသွားမယ်။ (ရွေးကောက်ပွဲဝင်မယ့်) နယ်မြေကတော့ အတိအကျ လုပ်ထားပြီးသားက အရင်တခါ ပြောခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ တိုင်းဒေသကြီး ငါးခုပေါ့။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ ဆက်ပြီး လုပ်နေတဲ့အခါမှာ ပြည်နယ်တွေ တိုးဖို့ အနေအထားရှိတယ်။ တိုင်းတွေလည်း တိုးလာနိုင်ပါတယ်” ဟု ဦးလှဌေးက ဆိုသည်။
တိုးလာနိုင်သည့် မဲဆန္ဒနယ်များမှာ တိုင်းဒေသကြီး ၁ ခုနှင့် ပြည်နယ် ၂ ခုတို့ ဖြစ်ပြီး အဆိုပါနေရာများတွင် တိုးချဲ့ ရွေးကောက်ပွဲဝင်သွားရန် အစီအစဉ်ရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ ပါတီက တည်ထောင်ခွင့်ကျပါပြီ။ နာမည်ပြောင်းလိုက်တော့ ပါတီအသစ်အနေနဲ့ ပြန်တင်ရတယ်။ တည်ထောင်ခွင့်ကတော့ ၂ ရက်နေ့က ရတယ်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကို ရက်ပေါင်းသုံးဆယ်အတွင်းတင်ရတယ်။ အဲ့ဒီကျတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်နဲ့ မှတ်ပုံတင်နံပါတ်ရမယ်။ မနက်ဖြန်ဆိုရင် နေပြည်တော်တက်မှာပေါ့နော်။ ပြင်ဆင်ပြီးရင် တနင်္လာနေ့လောက်ကျရင်တော့ တင်ပါပြီ” ဟု ၎င်းက ဆိုသည်။