MT News
Written by Naing Thuta
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်သွားကားလမ်းရှိ Ever Dream ကြက်ကြော်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူ ၁ ဦးဒဏ်ရာရရှိမှု မေလ ၃ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဂွေ့ကြီးကုန်းရွာ၊ရေတံခွန်တောင်သွားလမ်းဘေးရှိ Ever Dream ကြက်ကြော်ဆိုင်၏ အသက် ၂၅ နှစ်အရွယ်ခန့်ရှိသော အကြော်ဆရာသည် မီးဖိုဆောင်အတွင်းရှိ Gas အိုးအား လှိမ့်ပြီးသယ်ရာမှ ဘားပွင့်ပြီး Gas ထွက်ရာက ဘေး၌ရှိသောမီးသွေးမီးဖိုမှမီးပွားဖြင့် ထိတွေ့ကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့်အတူ မီးငြှိမ်းသတ်ယာဉ် ၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၄ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ နှင့် ဒေသခံလူမှုကူညီရေးအသင်းများဖြင့်သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ်တွင် မီးထိန်းခဲ့ပြီး ၁၂ နာရီ ၄၈ မိနစ်၌ မီးလုံးဝငြိမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းမီးလောင်မှုကြောင့် အသက် ၃၅ နှစ်ခန့်ရှိသော အကြော်ဆရာတစ်ဦးသည်လည်း နောက်ကျောကိုမီးဟပ်သွားသည့် ဒဏ်ရာနှင့် ဘယ်/ညာခြေလက်များကိုပါ မီးဟပ်သောဒဏ်ရာများ(မစိုးရိမ်ရ)ရရှိသဖြင့် အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ထို့ပြင် ၎င်းမီးလောင်ကျွမ်းသည့်မီးထဲသို့ သွပ်မိုးမြေစိုက် ၆၀’ x ၂၅ ပေ မီးဖိုဆောင် ၁ လုံး၊ သွပ်မိုးထရံကာ ၁၅’ x ၁၀ ပေ အလုပ်သမားအိပ်ဆောင် ၁ လုံး၊ သွပ်မိုးထရံကာ ၂၄’ x ၁၆ပေ စားဖိုဆောင် ၁ လုံး၊ Scopy ဆိုင်ကယ် ၃ စီး၊ Click ဆိုင်ကယ် ၁ စီး၊ TVS ဆိုင်ကယ် ၁ စီး၊ 125 ဆိုင်ကယ် ၅ စီးနှင့် အတွင်းပစ္စည်းအချို့ မီးလောင်ကျွမ်းခဲ့ကာ ခန့်မှန်းဆုံးရှုံးမှုကာလတန်ဖိုး ၉,၃၅၁,၀၀၀ ကျပ် (ကျပ်ကိုးဆယ့်သုံးသိန်း ငါးသောင်းတစ်ထောင်ကျပ်)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုနှင့်ပတ်သက်၍ အုန်းချောနယ်မြေရဲစခန်းမှအသက် ၂၅ နှစ်အရွယ်အကြော်ဆရာအား ပ(၅၅/ ၂၀၂၃)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။