၄. ၅. ၂၀၂၃
Written by Nay Moe
SAC အစိုးရအဖွဲ့၏ စစ်သား၊ ရဲသားစသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အစိုးရယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသည့် ဝန်ထမ်းများ စသည်ဖြင့် NUG နှင့် PDF များ စွပ်စွဲတိုက်ခိုက်မှုတွင် နိုင်ငံ့ဝန်ထမ်း ပြည်သူများ ၃၀၀၀၀ ခန့်အား နှစ်နှစ်အတွင်း သတ်ဖြတ်ထားကြောင်း NUG က မေလ ၃ ရက်တွင်ထုတ်ပြန်သည့် “အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”အစီရင်ခံစာတွင် ဖော်ပြထားသည်။
NUG ၏ ပကဖများ၊ ပအဖများ၊ ပလဖများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများ၊ အငြိမ်းစားဝန်ထမ်းများ၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များနှင့် NUG, NLD ကို မထောက်ခံသူများအား “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်ပေးသူ” စသည်ဖြင့် စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှုများပြုနေခဲ့ရာ အချိန်ကာလနှစ်နှစ်ကာလအတွင်း ပြည်သူ ၃၀၀၀၀ ခန့်သေဆုံးရမှုအပေါ် NUG က” မှတ်တမ်းများအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းခန့် ထိခိုက်သေဆုံးသည်အထိ ချေမှုန်းနိုင်ခဲ့ပြီး (၁) သောင်းကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်” ဟု အစီရင်ခံသည်။
AAPP ၏ မှတ်တမ်းများအရ SAC အစိုးရကြောင့် ထိခိုက်သေဆုံးရသည်ဆိုသည့် စာရင်းမှာ မေ ၃ ရက်အထိ ၃၄၅၉ ဦးသာရှိပြီး ထိုစာရင်းတွင် လက်နက်ကိုင်တိုက်ပွဲများအတွင်း သေဆုံးသည့် NUG ၏ လက်နက်ကိုင်တပ်ဖွဲ့များလည်းပါဝင်ရာ NUG ၏ သတ်ဖြတ်မှုမှာ SAC ထက် ဆယ်ဆခန့်ပိုမိုများပြားနေသည်ကိုလည်း တွေ့ရသည်။
ထိုသို့ လက်နက်မဲ့ပြည်သူများကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်ပေးသူ” စသည်ဖြင့် စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှုများပြုနေခဲ့မှုများတွင် SAC ၏ စစ်သား၊ ရဲသား၊ နိုင်ငံ့ဝန်ထမ်းများမပါဝင်ဘဲ သာမန်လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခံရမှုမှာ ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်အထိ ၄၀၀၃ ဦးရှိပြီး ထိုသတ်ဖြတ်မှုများကို သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း SAC ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်လ်ဂျားဇီးယားသတင်းဌာနနှင့် တွေ့ဆုံစဥ် ဖြေကြားထားသည်။
“အခုအချိန်အထိ ကျွန်တော်တို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအစိုးရမှာ အမှုထမ်းနေတဲ့ ဝန်ထမ်းများမပါ။ ဒီနေ့ ဒီအချိန်အထိ ဒလန်ဆိုပြီး သူတို့သုံးနှုန်းနေတဲ့ ဒလန်ဆိုပြီးတော့ စွပ်စွဲပြီး အသတ်ခံရတဲ့ လူပေါင်း၊ ရဲမှာအမှုဖွင့်တိုင်ကြားထားတဲ့စာရင်းအရ ၄၀ဝ၃ ရှိပါတယ်။ သူတို့သည်လည်း အသက်နဲ့ပါပဲ။ သူတို့သည်လည်း ကျွန်တော်တို့ ပြည်သူလူထုပါပဲ။ ဟုတ်ပြီ။ ဟိုဘက်မှာရှိနေတဲ့ ကျွန်တော်တို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF၊ CRPH၊ NUG အဖွဲ့ သူတို့ဟာလည်း ကျွန်တော်တို့နိုင်ငံသားတွေပါပဲ။ ဘယ်နိုင်ငံခြားသားမှ ကျွန်တော်တို့နိုင်ငံအတွက် အချောင်လာ အသေမခံဘူး။ ကျွန်တော်တို့နိုင်ငံသားတွေပဲသေတာ။ ” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံသားများဖြစ်သည်ဟု ခံယူထားသော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများအတွက်မူ လိုအပ်သည့် တုန့်ပြန်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ ထိုသို့ ဆောင်ရွက်ပါက လက်နက်ကိုင်များမှာ ရွာများအတွင်း အရပ်ဝတ်နှင့်နေထိုင်ကြပြီး ပစ်ခတ်တိုက်ပွဲဖြစ်ချိန်တွင် PDF အနိုင်ရပါက PDF များနိုင်သည်ဟု ကြွေးကြော်ကြပြီး ရှုံးနိမ့်ပါက ပြည်သူလူထုကို သတ်ဖြတ်သည်ဆိုသည့် အသံများလွှင့်ထုတ်ကြသဖြင့် ထိုကိစ္စများမှာ ရှုပ်ထွေးကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။