၃. ၅. ၂၀၂၃
Written By Thandar
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဘုရင်မကြီးရှင်စောပု၏ အဓိဋ္ဌာန်အောင်မြေ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့်စေတီတော်နှင့် ဆုတောင်းပြည့်ကျောင်းတိုက် တည်ထောင်ခြင်း (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘုရားအနေကဇာတင်၊ သိက္ခာထပ်၊ နဂါးရုံဘုရား ပန္နက်တော်တင် အလှူတော် မင်္ဂလာကို မေ ၃ ရက် နံနက်ပိုင်းက သရုပ်ဆောင်ပန်းလရောင်နှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ထို့ပြင် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ၎င်းကျောင်းတိုက်ရှိ သံဃာတော် ၉ ပါး သိမ်ဆင်းခြင်းမင်္ဂလာကိုလည်း ပြုလုပ်ခဲ့သည်။
“အဓိဋ္ဌာန်အောင်ဆုတောင်းပြည့် တည်ထားတာ ၇၅ နှစ်ပြည့်ရယ်။ ဆုတောင်းပြည့်ပါဒစေတီတော်ကို နာယကတိုက်အုပ်ဆရာတော်ကိုယ်တိုင်ဗုဒ္ဓဂါယာက ပင့်ဆောင့်လာတဲ့ အောင်မြေတွေနဲ့ ဘုရား၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းဌာပနာပြီး အနေကဇာတင် ကပ်လှူ ပူဇော်ခြင်း ပြုပါတယ်။ ကျောင်းရဲ့နာယကတိုက်အုပ်ဆရာတော်ဘုရားရယ်။ ပန်းလရောင်ရယ်။ ပဌာန်းဆက်ပါရမီရှင်တွေအားလုံးက ဆရာတော်ကိုသိက္ခာထပ်တယ်။ နဂါးရုံ ဘုရား ပန္နက်တော်တင် အလှူတော် မင်္ဂလာကျင်းပလှူဒါန်းတာပါ”လို သရုပ်ဆောင်ပန်းလရောင်က MT News ကိုပြောသည်။
အဆိုပါကျောင်း နာယကဆရာတော် ဘဒ္ဒန္တမေဓကိရာနန္ဒ (သာသနာ့တက္ကသီလဓမ္မာစရိယ B.A Buddhism ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ နိုင်ငံတော်သမ္မုတိရ)အား သရုပ်ဆောင် အဆိုတော် ပန်းလရောင်နဲ့ ပဋ္ဌာန်းဆက်ပါရမီရှင်များက ပရိက္ခရာအမြတ်တို့ဖြင့် သိက္ခာထပ်ပူဇော်ခြင်း ပြုလုပ်ခဲ့သည်။ ထို့အပြင် နာယကတိုက်အုပ်ဆရာတော်၏ သက်တော် (၆၀)၊ သိက္ခာတော် (၄၀) ပြည့် အထိမ်းအမှတ် တည်ထားပူဇော်မည့် အဓိဋ္ဌာန်အောင် သဗ္ဗသိဒ္ဓိ ဆုတောင်းပြည့် နဂါးရုံဘုရား ပန္နက်တော်တင် ကုသိုလ်တော်သဘင်ကိုလည်း ဆင်ယင်ကျင်းပခဲ့သည်။ ထို့ပြင် ရွှေနန်းသရဖူ မင်္ဂလာဆိုင်းဖြင့်တွဲဖက်၍ တေးသံရှင်ဆိုတေးက တေးသီချင်းသုံးပုဒ် သီဆိုဖျော်ဖြေခဲ့သည်။