၃. ၅. ၂၀၂၃
Written by Naing Thuta
အကျဉ်းကျနေသော သားဖြစ်သူထံ ဧည့်တွေ့လာသည့်ဖခင်၏ ပါဆယ်ထုပ်ထဲမှ အကျဉ်းထောင်စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများတွေ့ရှိမှု မြင်းခြံဗဟိုအကျဉ်းထောင်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မြင်းခြံဗဟိုအကျဉ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၂ ရက် မနက် ၁၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံဗဟိုအကျဉ်းထောင်ရှေ့ရှိ စစ်ဆေးရေးဂိတ်၌ မတ္တရာတရားရုံးရာကြီးအမှတ် (၉၀/၂၁)၊ ရာဇသတ်ကြီးပုဒ်မ- ၅၀၅-က/၃၅၃/၃၀၇ အမှုမှ စုစုပေါင်းပြစ်ဒဏ် ၅ နှစ် ၁၀ လ ကျခံလျက်ရှိသော သားဖြစ်သူအကျဉ်းသားအား ဧည့်တွေ့လာသည့် အသက် ၆၅ နှစ်အရွယ် ၎င်း၏ဖခင်ဖြစ်သူ ယူဆောင်လာသော ပါဆယ်ထုပ်အား သက်ဆိုင်ရာထောင်ဝန်ထမ်းများမှ စစ်ဆေးကြည့်ရာ ပါဆယ်ထုပ်အတွင်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဆယ်ထုပ်အတွင်း၌ ပေါင်မုန့်အသေးများအတွင်းတွင် အနက်ရောင်တိပ်ဖြင့်ပတ်ထားသော အဖြူရောင်ပလစ်စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားပါ ၁၈ ထုပ်၊ စုစုပေါင်း ၄၅၀ ပြား၊ အလေးချိန်(၄၅)ဂရမ်ခန့်၊ စုစုပေါင်းကာလတန်ဖိုး ၉၀၀၀၀၀ ခန့်အား ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ပြီး လက်ဝယ်ထားရှိသူအား မြင်းခြံနယ်မြေရဲစခန်းမှ မယ (ပ)၂/၂၀၂၃၊ မူး/စိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ယင်းသားဖြစ်သူထံ ဧည့်တွေ့လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိသော ဖခင်ဖြစ်သူသည် အမှတ်(၅)ရန်နိုင်စိုးရပ်ကွက်၊ မတ္တရာမြို့တွင် နေထိုင်ပြီး တောင်ယာလုပ်ကိုင်သူတစ်ဦးလည်း ဖြစ်သည်။ ထိုကဲ့သို့ အကျဉ်းထောင်၌ ထောင်ဝင်စာဧည့်တွေ့လာသူလက်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိခဲ့သောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကွင်းဆက်များကို စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။