၃. ၅. ၂၀၂၃
Written by Nay Moe
ရဲတပ်ဖွဲ့ဝင်ငါးဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်ရှိ ပွေးကျစ်ရဲစခန်းကို PDF ငါးဖွဲ့ပေါင်း စီးနင်းပြီး ရဲနှစ်ဦးကိုသ-တ်ဖြတ်၍ စခန်းကိုမီးရှို့ကာ လက်နက်များရယူခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြင်းခြံခရိုင်၊ တပ်ရင်း (၃) နှင့်ပူးပေါင်းအဖွဲ့များက ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ရဲ (၂) ဦး သေဆုံးကာ ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု NUG က ဆိုသည်။
ပွေးကျစ်ရဲစခန်းတွင် ရဲတပ်ဖွဲ့အင်အား ၁၃ ဦးခန့်သာ ရှိပြီး ၈ ဦး တရားရုံးသွားနေချိန်တွင် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ရဲစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် အမျိုးသမီးနှင့် ကလေးများကို လွှတ်ပေးခဲ့သည်ဟုလည်း ဆိုသည်။
တိုက်ပွဲပီးဆုံးချိန်တွင် PDF များက ပွေးကျစ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်နက်တိုက်ကိုဖွင့်ကာ G-4 (၁) လက်၊ G-3 (၂) လက်၊ အူစီ (၁) လက်၊ ခြောက်လုံးပူး (၄) လက်၊ လက်ပစ်ဗုံး (၈) လုံး၊ ရုံးသုံး Laptop (၁) လုံး၊ ကျင်စက် (၂) ခု၊ လက်ထိတ် (၁) ခုနှင့် ကျည် (၉၃၅) တောင့် ရယူခဲ့သည်ဟုလည်း NUG က ပြောသည်။
ပွေးကျစ်ရဲစခန်းတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း NUG ၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။