၃. ၅. ၂၀၂၃
Written by Min Mahar
ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးကို မန္တလေး PDF အဖွဲ့များက မြနန္ဒာစစ်ဆင်ရေးအဖြစ် ယမန်နေ့ညဦးပိုင်းက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သည်ဟု ဝန်ခံပြောဆိုထားကြောင်း ၎င်းတို့ Telegram ချန်နယ်တွင် တွေ့ရသည်။
ဖြစ်စဉ်မှာ မေလ ၂ ရက်နေ့ ည ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၅ လမ်း(သာယာဝတီမင်းကြီး)ပေါ်ရှိ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးကို Scoopy ဆိုင်ကယ် ၂ စီးဖြင့် PDF အဖွဲ့ဝင် ၄ ဦးသည် ၁၁၅ လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာပြီး ဆိုင်ကယ်ပေါ်ကနေ လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ပေါက်ကာ ထွက်ပြေးသွားကြောင်း ထွေအုပ်ရုံးမှ ဝန်ထမ်းတစ်ဦးပြောပြချက်အရ သိရသည်။
အဆိုပါလက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ထွေအုပ်ရုံး၏ ခြံစည်းရိုးအပြင်ဘက်ရှိ ပေ ၂၀ ခန့်အကွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
သို့သော် PDF အဖွဲ့များက မြနန္ဒာစစ်ဆင်ရေးစစ်ဆင်ရေးဆိုကာ အဆင့်မြင့်ရဲစခန်းအနီးရှိ ပြည်ကြီးတံခွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးထဲရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၎င်းတို့အဖွဲ့က ပစ္စတိုဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့၍ ၎င်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ၎င်းတို့ Telegram ချန်နယ်တွင် မဟုတ်မှန်သော သတင်းဖြင့် ဝါဒဖြန့်၍ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။