၃. ၅. ၂၀၂၃
Written by Ye Kyaw
လျှပ်စစ်ကားဘတ္ထရီအတွက် အဓိကကုန်ကြမ်း လီသီယမ်ထွက်ရှိသည့် မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့် လျှပ်စစ်ကားဘတ္ထရီများထုတ်လုပ်ရန် အာဆီယံနိုင်ငံများက လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း မေ ၂ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် ASEAN-BAC Roadshow အခမ်းအနားမှ သိရသည်။
“လျှပ်စစ်ကားလိုဟာမျိုးပေါ့။ မြန်မာနိုင်ငံမှာ ဒီလိုဟာမျိုးအတွက်ဆိုရင် အရင်းအမြစ်အနေနဲ့ရှိတာ တတိယကမ္ဘာ့အကြီးဆုံး အရင်းအမြစ်ရှိတဲ့ နိုင်ငံလို့တောင် ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒီလိုအရင်းအမြစ်တွေရှိတဲ့အတွက် တစ်ဖက်ကကြည့်မယ်ဆိုရင် ဆိုလာတွေ၊ လီသီယမ်ဘတ္ထရီတွေကို ပိုပြီးတော့ အများကြီး လုပ်ဆောင်လာနိုင်မယ်။ ဒီဟာကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ တန်ဖိုးမြှင့် လုပ်ဆောင်တာတွေကို အာဆီယံထဲမှာရော အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံပြီးတော့ရော လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ASEAN Business Advisor Council (ASEAN-BAC) ၏ ဥက္ကဋ္ဌ Mr. Arsjad Rasjid က ပြောသည်။
ASEAN-BAC ဥက္ကဋ္ဌ Mr. Arsjad Rasjid သည် မြန်မာနိုင်ငံသို့ မေ ၁ ရက်မှ မေ ၂ ရက်အတွင်း ASEAN-BAC Roadshow အစီစဥ်တစ်ရပ်အဖြစ် ရောက်ရှိနေခြင်းဖြစ်ပြီး ခရီးစဥ်၏ ရည်ရွယ်ချက်မှာ ယခုနှစ်အတွက် အဓိကဦးစားပေးကဏ္ဍ ငါးခု ဖြစ်သည့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကျန်းမာရေးဒဏ်ခံနိုင်စွမ်းကို မြှင့်တင်မှု၊ စားနပ်ရိက္ခာဖူလုံရေးတို့ကို ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်နှင့် အထောက်အပံ့ပြုနိုင်မည့် ကဏ္ဍများတွင် ပံ့ပိုးကူညီရန်တို့ဖြစ်သည်။
“အဓိကကျွန်တော်တို့ရဲ့ အဓိကအခန်းကဏ္ဍကတော့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖိုရယ်။ ပုဂ္ဂလိက,ကနေ ဦးဆောင်တဲ့ အစီအစဥ်တွေ လုပ်ဖို့ပါပဲ။ ဒီဟာတွေက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအကျိုးကျေးဇူးရှိလာစေမယ်” ဟု ASEAN-BAC ဥက္ကဋ္ဌ Mr. Arsjad Rasjid က ပြောသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ချန်ထားခဲ့မှုများ ဆောင်ရွက်မည်မဟုတ်ဘဲ စီးပွားရေးအရ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ASEAN-BAC Roadshow အခမ်းအနားမှ သိရသည်။
ASEAN Business Advisor Council (ASEAN-BAC) ဥက္ကဋ္ဌအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူထားပြီး ASEAN-BAC Roadshow ခရီးစဥ်တွင် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း စသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၆) နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။