MT News
၃. ၅. ၂၀၂၃
ကဆုန်လပြည့်နေ့ဖြစ်သော ယနေ့ နေ့မြတ်တွင် နိုင်ငံရေးပုဒ်မဖြစ်သော ပုဒ်မ ၅၀၅ (က) ဖြင့် အကျဥ်းကျခံနေရသူ ၂၁၃၅ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ” နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အရင်တုန်းက ဒီလိုမျိုး နိုင်ငံရေးပုဒ်မနဲ့ ကျနေတဲ့သူတွေကို လွှတ်ပေးတာမရှိဘူး။ အခုကတော့ ၅၀၅(က) တွေ လွှတ်ပေးတာဆိုတော့ ထူးခြားတာပေါ့။ ပြီးတော့ မြန်မာနိုင်ငံအပေါ်ကျရောက်နေတဲ့ ကမ္ဘာ့ဖိအားတွေလည်း လျော့သွားတာပေါ့။ ဘယ်အစိုးရလက်ထက်မှ အခုလိုမျိုး ကိုယ့်ကိုယ်ဝေဖန်ဆဲဆိုတိုက်ခိုက်ထားတဲ့ပုဒ်မမျိုးနဲ့ ကျနေတဲ့သူတွေအကုန် စုပေါင်းလွှတ်ပေးတာမျိုးမရှိဘူးလေ” ဟု နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
SAC ဥက္ကဋ္ဌသည် ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်ကလည်း သီရိလင်္ကာနိုင်ငံသား ၅ ဦးအပြင် နိုင်ငံခြားသားအကျဥ်းသား ၉၈ ဦးနှင့် နိုင်ငံသားအကျဥ်းသား ၃၀၁၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် အကျဥ်းသား ၇၀၁၂ ဦး ပြန်လွှတ်ပေးခဲ့ပြီး SAC နှစ်နှစ်သက်တမ်းအတွင်း အကျဥ်းသား ခုနစ်သောင်းကျော် ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သိရှိရသည်။